22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, August 26, 2012

ထိုသုံးဦး

ထင်ရှားသော ခေါင်းဆောင်မှု သီအိုရ
တစ်ရပ်အရ အဖြစ်အပျက် အပြောင်းအလဲ
 ကြီးကြီးမားမားများနှင့်အတူ ခေါင်းဆောင်များ
ပေါ်ထွက် လာတတ်သည့် အတိုင်း မြန်မာ့
သမိုင်းတွင် အပြောင်းအလဲ


ထူးထူးခြားခြား ဖြစ်ပေါ်နေချိန် ယနေ့အခါ သမယတွင် ခေါင်းဆောင် သုံးဦး ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။



ထိုခေါင်းဆောင်သုံးဦး၏ ဥာဏ် အမြော်အမြင်၊ လုပ်ဆောင်ချက် များနှင့် သူတို့အကြား ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်မှုတို့သည် နိုင်ငံ၏ ပစ္စုပ္ပန် ကိုသာမက မဝေးလှသည့် အနာဂတ်၊ ခပ်ဝေးဝေး အနာဂတ်ကိုပါ ဖော်ဆောင် ပဲ့ကိုင်သွားလိမ့်မည်။

သမ္မတကြီး ဦးသိန်းစိန်


ယခင် အစိုးရလက်ထက်က ၀န်ကြီးချုပ် ဖြစ်ခဲ့သော ဦးသိန်းစိန် သမ္မတအဖြစ် တက်လာစ အချိန်တွင် စောင့်ကြည့်ရဦးမည် ဟူသော ထင်မြင်မှုများ ရှိခဲ့သော်လည်း လပိုင်းအကြာ၌ ရင်သပ် ရှုမောရသော ပြုပြင် ပြောင်းလဲရေးများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး နိုင်ငံတွင်း သာမက တစ်ကမ္ဘာလုံးက အသိအမှတ် ပြုရသော ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် အဖြစ် ပေါ်ထွက် လာခဲ့သည်။

ယိုင်တိုင်တိုင် စီးပွားရေးကို ထောင်မတ်ရန်၊ နိုင်ငံရေး စနစ်ကို ဗဟို ဦးစီးစနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရန်၊ ပြည်တွင်း ငြိမ်းချမ်းရေးမှသည် တစ်နိုင်ငံလုံး စည်းလုံး ညီညွတ်ရန်၊ နိုင်ငံတကာတွင် မြန်မာ့ ဂုဏ်သိက္ခာ တက်အောင် ဆောင်ရွက်ရန် တို့သည် မြန်မာနိုင်ငံကို ဦးသိန်းစိန် တစ်ပြိုင်တည်း ဦးဆောင် ချီတက်ရသည့် အဓိက ပန်းတိုင်များ ဖြစ်ပြီး တစ်ခုချင်းစီပင် ဖြစ်မြောက်အောင် လုပ်ဆောင်ရန် မလွယ်လှသည့် ရည်မှန်းချက် များဖြစ်သည်။

စွမ်းရည်မြင့် လူသား အရင်းအမြစ်များ ရှားပါးမှု၊ ရိုးသားခြင်း ကြိုးစားခြင်းတို့ကို တန်ဖိုး ထားသော်လည်း လက်တွေ့ ကျင့်သုံးမှု အားနည်းသော လူ့အဖွဲ့အစည်း၊ အားနည်းသော ၀န်ထမ်း အဖွဲ့အစည်း၊

ပြောင်းလိုသူနှင့် မပြောင်းလိုသူ၊ ပြောင်းနေမှန်း မသိသူတို့အကြား လွန်ဆွဲပွဲ စသော စိန်ခေါ်မှုကြီးများ ရှိနေသည့်ကြားမှ အထက်ပါ ပန်းတိုင်များသို့ ချီတက် ရသည်မှာ ဧရာမ တာဝန်ပင် ဖြစ်သော် လည်း နိုင်ငံအရွေ့ တစ်ခုသို့ အချိန်တို အတွင်း ရောက်ခဲ့သည်မှာ သမ္မတကြီး ဦးသိန်းစိန်၏ ခေါင်းဆောင်မှုနှင့် ဇွဲနပဲ တို့ကြောင့် ဖြစ်သည်။

ရိုးသားခြင်း၊ အခြားသူတို့ အမြင်ကို နားစိုက် ထောင်ခြင်း၊ ပြုပြင် ပြောင်းလဲရေး သန္နိဋ္ဌာန် မြင့်မားခြင်း တို့မှာ အများ အသိအမှတ် ပြုရသော ဦးသိန်းစိန်၏ ထူးခြားသည့် စရိုက် လက္ခဏာများ ဖြစ်ပြီး ပြည်တွင်းတွင်လည်း ယုံကြည် ကိုးစားခံရမှု အထူးပင် မြင့်တက် နေခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း


ယခင် အစိုးရ လက်ထက်က နံပါတ်သုံး နေရာတွင် ရှိခဲ့သော သူရဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာသောကြောင့် ဘေးသို့ ရောက်သွားသည်ဟု ထင်မြင်သူ အချို့ ရှိခဲ့သော်လည်း ယင်းမှာ စနစ်သစ် တွင် လွှတ်တော်၏ ကြီးမားသော အခန်းကဏ္ဍကို အမှတ်တမဲ့ ဖြစ်နေသောကြောင့် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုတွင်လည်း ကျင့်သုံးသည့် သမ္မတ စနစ် တွင် အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့ အပြန်အလှန် ထိန်းညှိ ခြင်းဖြင့် ဒီမိုကရေစီကို ထိန်းသိမ်း ထားသလို နိုင်ငံကိုလည်း ချောမွေ့စွာ လည်ပတ်စေသည်။

အထူးသဖြင့် ဗဟို ဦးစီးစနစ်မှ ကူးပြောင်းစ နိုင်ငံတို့တွင် အုပ်ချုပ်ရေး မဏ္ဍိုင်မှာ အားကောင်းမြဲ ဖြစ်သည့်အတွက် လွှတ်တော်ပါ လိုက်ပါ အားကောင်းလာမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ရည်ရွယ်သည့် အပြန်အလှန်ထိန်းညှိခြင်း ( Checks and Balance) အထ မြောက်မည်။ ထိုသို့ အထမြောက်မှသာ သမ္မတစနစ် အသက်ဝင် ကာ ဒီမိုကရေစီ ခိုင်မာ အားကောင်း လာမည်။

သမ္မတ စနစ်၏ လွှတ်တော်ကဲ့သို့ လွှတ်တော်မျိုး မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှ စကာ မပေါ်ဖူး သေးခြင်း၊ မြန်မာနိုင်ငံ ၏ ဥပဒေ အများအပြားမှာ အိုမင်း ဟောင်းနွမ်း ခေတ်မမီခြင်းကြောင့် ပြင်ဆင် အသစ်ရေးဆွဲရန် လိုခြင်းတို့ကြောင့် လွှတ်တော် အသက်ဝင်ရန် လိုအပ်ခြင်း ဖြစ်သည်။

 ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြရန် အစဉ်တစိုက် ဆော်သြခဲ့ သလို အခြေအနေ ကောင်းများ ဖန်တီးပေးခဲ့သောကြောင့် လွှတ်တော် ကိုယ်စားလှယ် များ တစတစ ပြောရဲဆိုရဲ ရှိလာကာ လွှတ်တော် စတင် အသက်ဝင် လာခဲ့သည်။

ယခုနောက်ပိုင်းလွှတ်တော် အရှိန် ရလာချိန် အရေးပါသော အချိုးအကွေ့များတွင်လည်း ဦးရွှေမန်း၏ ခေါင်းဆောင်မှုမှာ အရာရောက် ခဲ့သောကြောင့် သူသည်လည်း ပြုပြင်ပြောင်းလဲရေး ထိပ်တန်း ခေါင်းဆောင် ( Reformist Figure) အဖြစ် အသိအမှတ် ပြုခံလာရသည်။


ဒေါ်အောင်ဆန်းစုကြည်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား နောက်ပိုင်းတွင် အကျော်ကြားဆုံးသော နိုင်ငံတကာ ခေါင်းဆောင်နေရာကို ရရှိထားခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်။

မြန်မာ့ အရေးနှင့် ပတ်သက်သည့် သူ၏အမြင်၊ အတွေးတို့သည် နိုင်ငံတကာ အသိုက်အ၀န်း၊
အထူးသဖြင့် စက်မှုအင်အားကြီး နိုင်ငံတို့ကို သြဇာ လွှမ်းမိုးသည်။

 ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တစ်နေရာမှ လွဲလျှင် နေရာ အားလုံးရရှိကာ အောင်ပွဲ ခံနိုင်ခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏အား အဓိက (Aung San Suu Kyi Factor) ဟု မြန်မာ့နိုင်ငံရေး သုတေသီများက အကဲဖြတ် ခဲ့သည်အထိ ပြည်တွင်း တွင်လည်း ထောက်ခံမှု အားကောင်းခဲ့သည်။

မူလက အလုပ်သဘော နိုင်ငံရေး ဖြစ်စဉ် (Formal Political Process) တွင် မပါဝင်ဘဲ ရှိနေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် ရွေးကောက်ပွဲ အနိုင်ရကာ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာ ချိန်တွင် ထိုဖြစ်စဉ် ထဲသို့ ၀င်ရောက်လာခဲ့ပြီး ယင်းဖြစ်ရပ်တစ်ခု တည်းကပင် မြန်မာ့နိုင်ငံရေး မျက်နှာစာ၏ အလှည့်အပြောင်း တစ်ရပ် ဖြစ်လာခဲ့သည်။


ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော် အတွင်းတွင် ဒုတိယနေရာ အများဆုံးရ ပါတီ၏ ခေါင်းဆောင် ဖြစ်လာခဲ့သလို လွှတ်တော်ကော်မတီ တစ်ရပ်၏ ဥက္ကဋ္ဌလည်းဖြစ်လာ ခဲ့သည်။ လွှတ်တော်တွင်း ဒေါ်အောင်ဆန်းစုကြည် ၀င်ချိန်မှ စကာ လွှတ်တော်ကို ပြည်သူလူထု စိတ်ဝင်စားခြင်း ပိုမို မြင့်တက်လာပြီး မြန်မာ့လွှတ်တော်သည် ကမ္ဘာ့ လွှတ်တော်များ အနက် နိုင်ငံတကာ စိတ်ဝင်စားခြင်း အခံရဆုံး လွှတ်တော် တစ်ရပ်ဖြစ်လာသည်။

သုံးဦးသုံးဖလှယ်


မြန်မာနိုင်ငံတွင် Democratic Institutions(ဒီမိုကရေစီ အစဉ် အလာ၊ လုပ်ထုံးလုပ်နည်း၊ အဖွဲ့အစည်းများ) ဖြစ်တည်စ ရှိနေသေး သောကြောင့် ပုဂ္ဂိုလ် (Individual ) ကို အခြေပြု နေရသေးပေရာ မြန်မာ့ ပြုပြင် ပြောင်းလဲရေးသည် ခေါင်းဆောင်များ အပေါ်တွင်သာ မူတည်နေ ရဦးမည်။

သက်တမ်းရ လာသည် နှင့်အမျှ Institutions များ ပုံပေါ်လာသည့် အချိန်တွင်မူ မည်သူတက်တက် ထို Institutions များအတိုင်း လိုက်ပါ လုပ်ဆောင်ခြင်းဖြင့် နိုင်ငံကို ရှေ့သို့ တွန်းနိုင်မည်။

 ထို့ကြောင့် ခေါင်းဆောင်သုံးဦး တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေးသည်
 Institutions များ ပုံပေါ်လာရေး၊ ထိုမှတစ်ဆင့် အနာဂတ် နိုင်ငံတော်တို့အတွက် များစွာ
အဓိကကျသည်။

သမ္မတကြီး ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးလုံးသည် သူတို့၏ ဆိုင်ရာ ဆိုင်ရာ အရေးကြီး အခန်းကဏ္ဍ များကို ပါဝင်ထမ်းဆောင်ခြင်းဖြင့် ပြုပြင် ပြောင်းလဲရေးတွင် ရှေ့ဆုံးမှ ပါဝင်နေကြသူများ ဖြစ်သည် (Role Play)။

ယင်းတို့၏ တာဝန်များသည် စနစ်သစ်၏ သဘောအရ အချို့ နေရာများတွင် အပြိုင်အဆိုင် (Competitive) ဖြစ်သကဲ့သို့ မြင်ရသော် လည်း အမှန်တကယ်တွင် စနစ် အောင်မြင်စွာ လည်ပတ်စေရန် အပြန် အလှန် အားဖြည့် ကူညီရေး (Competitive) ပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ ပထမဦးဆုံး အကြိမ် တွေ့ဆုံ အပြီးတွင် ပြည်တွင်း ရင်ကြားစေ့ရေး အခန်းသစ် ဖွင့်လှစ်နိုင်ခဲ့ ကာ ပြုပြင် ပြောင်းလဲရေးများ ပို အရှိန်မြန်လာသလို နိုင်ငံတကာ ပံ့ပိုးမှုများ ရောက်ရှိ လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင် နိုင်ခဲ့ခြင်း၊ ၀င်ခဲ့ခြင်း၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခြင်း တို့မှာ ယင်းတို့နှစ်ဦး တွေ့ဆုံခြင်းမှ အစပျိုးခဲ့ပြီး တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးစားမှု ပြသခဲ့သည်။

ကျရာ တာဝန်တို့ကို ထမ်းဆောင်ရာတွင် အပြန်အလှန် ထိန်းညှိ ကြသည့် အုပ်ချုပ်ရေး မဏ္ဍိုင် အစိုးရနှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့ကို ကိုယ်စားပြုထားသည့် လွှတ်တော်တို့အကြား ပွတ်တိုက်မှု ရှိမည်မှာ ဓမ္မတာ ဖြစ်သော်လည်း ဓမ္မတာကို ကျော်လွန် မသွားစေရန် မဏ္ဍိုင်နှစ်ရပ် ကိုယ်စားပြု သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း တို့ကို ယခင် အစိုးရ လက်ထက်က လက်တွဲ လုပ်ကိုင်ခဲ့သည့် ဆက်ဆံရေး က အကူအညီ ပေးသည်။

ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သည်လည်း ယခု လွှတ်တော်တွင်းတွင် လွှတ်တော် ကိုယ်စားလှယ် များအဖြစ် အတူတကွ လက်တွဲ အလုပ်လုပ်နေပြီး ဒေါ်အောင်ဆန်းစုကြည် အားသန်သည့် တရား ဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ နိုင်ရန် ဦးရွှေမန်းက လမ်းခင်း ပေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ကလည်း လက်ခံခဲ့သည်။

ကိုယ်တိုင် အသွင်ကူးပြောင်း


နိုင်ငံအသွင် ကူးပြောင်းရေးကို ဦးဆောင် နေသည့် ယင်းတို့ သုံးဦး ကိုယ်တိုင်သည်လည်း အသွင် ကူးပြောင်းရေး ကာလကို ဖြတ်ကျော် နေရ သည်။

 ဦးသိန်းစိန်သည် ယခင် အစိုးရ လက်ထက်က ၀န်ကြီးချုပ်ဖြစ် ခဲ့ပြီး ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်သည့် နေရာ (Manager) မှ တာဝန် ယူခဲ့သော်လည်း ယခုအချိန်တွင် သမ္မတ အဖြစ် ပန်းတိုင် အပါအ၀င် အဓိက ဆုံးဖြတ်ချက်များကို ချမှတ်သလို အကောင်အထည် ဖော်သည့်နေရာ (Leader + Manager) ကို ယူနေရသည်။

ဦးရွှေမန်း သည် ယခင် အစိုးရ လက်ထက်က အုပ်ချုပ်ရေးတွင် ထိပ်တန်း နေရာမှ ပါခဲ့ပြီး ယခုအချိန်တွင် အုပ်ချုပ်ရေး မဏ္ဍိုင်ကို ထိန်းညှိမည့် ဥပဒေပြု ရေး မဏ္ဍိုင်ကို ဦးဆောင်နေရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခင်က မူဝါဒ ချမှတ်ရေး ဖြစ်စဉ်တွင် မပါခဲ့သော်လည်း ယခုအချိန် တွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ လွှတ်တော်တွင်း ဒုတိယ အင်အား အကြီးဆုံး ပါတီ၏ ခေါင်းဆောင်အဖြစ် လည်းကောင်း မူဝါဒ ချမှတ်ရေး ဖြစ်စဉ်တွင် ပါဝင် ပတ်သက်နေသည်။

စနစ်သစ် တည်ဆောက်စ အရေးကြီး ကာလတွင် ထိုပုဂ္ဂိုလ်ကြီး သုံးဦး၏ အခန်းကဏ္ဍမှာ ယင်းတို့အကြား ပူးပေါင်း ဆောင်ရွက် ခြင်း၊ အပြန်အလှန် ထိန်းညှိခြင်းဖြင့် ယင်းတို့သုံးဦး မျက်နှာလွှဲ သွားချိန်၊

အနားယူသွားချိန်တွင် ဆက်လက် တည်ရှိနေမည့် ကြာရှည်ခံ နိုင်ငံတော်သစ် တည်ဆောက်ရေး၊ ဒီမိုကရေစီ ယဉ်ကျေးမှု တည်ဆောက်ရေး၊ နောင်လာနောက်သားများအား အစဉ်အလာ ကောင်းများ အမွေပေးခဲ့ရေးတို့ ဖြစ်သည်။

The voice weekly
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )