ကင်နီဒဲလ်ဂလစ်ရှ်ကို ရာထူးမှ ထုတ်ပယ် ခဲ့ခြင်းသည် အသင်းတွင် အပြောင်းအလဲများ မဖြစ်မနေ ပြုလုပ်ရန် လိုအပ်၍ ဖြစ်ကြောင်း လီဗာပူးလ် အသင်း ပိုင်ရှင်များက ပြောကြားခဲ့သည်။
လီဗာပူးလ်ကို တစ်ရာသီခွဲမျှ ဦးဆောင် ခဲ့ပြီးနောက် ဘုရင်ကြီးဟု ပရိသတ်က ချစ်စနိုး ခေါ်ဝေါ်ခြင်း ခံရသူ မန်နေဂျာကြီးသည် ထွက်တော်မူ နန်းက ခွာခဲ့ရပြီ ဖြစ်သည်။ ဒဲလ်ဂလစ်ရှ်သည် အမေရိကန်ထိ သွားရောက်ကာ အသင်း ပိုင်ရှင်များနှင့် ဆွေးနွေး ညှိနှိုင်းပြီးနောက် အသင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ (၁၉၉၅)ခုနှစ်က ဘလက်ဘန်း ရိုဗာကို ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူ ပေးခဲ့ဖူးသည့် ဒဲလ်ဂလစ်ရှ်သည် လီဗာပူးလ် အတွက် ကစားသမား သစ်များ ခေါ်ယူရန် ပေါင်စတာလင် (၁၁၃)သန်း အသုံး ပြုခဲ့သော်လည်း ပရီးမီးယားလိဂ် အဆင့်(၈)သာ ချိတ်ခဲ့သည့်နောက် ကလပ်နှင့် လမ်းခွဲ ဇာတ်ညွှန်းကို ရေးသား ခဲ့ရသည်။
၎င်းသည် လီဗာပူးလ်ကို ကားလင်းဖလား ဗိုလ်စွဲရန်နှင့် FAဖလား ဗိုလ်လုပွဲထိ ရောက်ရှိရန်မူ ဦးဆောင်နိုင်ခဲ့သည်။ လီဗာပူးလ် အသင်းပိုင်ရှင် ဂျွန်ဟင်နရီ ဒဲလ်ဂလစ်ရှ်ကို တာဝန်မှ ရပ်ဆိုင်းကြောင်း တရားဝင် ကြေညာပြီး ဒဲလ်ဂလစ်ရှ်ကို ကျေးဇူး တင်ကြောင်း ပြောဆိုသွားသည်။ ဟင်နရီက "ဒဲလ်ဂလစ်ရှ်ဟာ လီဗာပူးလ် အသင်းအတွက် နည်းလမ်း အမျိုးမျိုးနဲ့ နှလုံးသည်းပွတ် စိတ်ဝိညာဉ် တစ်ခု ဖြစ်ခဲ့ပါတယ်။ သူဟာ အသင်းနဲ့ ပရိသတ်အတွက်ပဲ ဦးစားပေး စဉ်းစား တတ်သူပါ။ သူဟာ အန်းဖီးလ်ရဲ့ မိသားစုဝင် အဖြစ် အမြဲတမ်း ဆက်ရှိနေမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တာဝန်က အသင်းအတွက် စစ်မှန်တဲ့၊ သင့်တော်တဲ့ လူသစ်တွေကို စုဆောင်းဖို့ပါ။ အသင်းဟာ လွန်ခဲ့တဲ့ (၁၈)လ အတွင်းမှာ ခိုင်မာတဲ့ အခြေခံ တစ်ခု ပိုင်ဆိုင် လာခဲ့ပါတယ်" ဟု ဆိုသည်။
ဟင်နရီနှင့် အတူ လီဗာပူးလ်ကို ပူးတွဲ ပိုင်ဆိုင်သော တွမ်ဝါနာက "ဒဲလ်ဂလစ်ရှ်ဟာ အသင်းက သူ့ကို တကယ် လိုအပ်နေတဲ့ အချိန်မှာ မန်နေဂျာ အနေနဲ့ ရောက်လာခဲ့ပါတယ်။ သူက မန်နေဂျာ ဖြစ်ပါရစေလို့ မတောင်းဆိုခဲ့ပါဘူး။ ကျွန်တော်တို့က သူ့ကို ဒီနေရာမှာ တာဝန် ထမ်းဆောင် ပေးပါလို့ ပန်ကြားခဲ့တာ ဖြစ်ပါတယ်။ အသင်းက သူ့ကို လိုအပ်မှန်းသိလို့ သူလက်ခံခဲ့ပါတယ်။ လီဗာပူးလ်ကို တည်ငြိမ်မှု ပြန်ရအောင် သူ့ထက် ဘယ်သူမှ မလုပ်နိုင်ခဲ့ပါဘူး။ သူ့အပေါ်မှာ ကျွန်တော်တို့ အများကြီး အကြွေးတင်ခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ အသင်းအနေနဲ့ ဖြတ်သန်းခဲ့တဲ့ ရလဒ်တွေက စိတ်ပျက်စရာ ဖြစ်ခဲ့တာ အမှန်ပါ။ ကျွန်တော်တို့ဟာ တိုးတက်မှုတွေ ရရှိအောင် တည်ဆောက်ဖို့အတွက် အပြောင်းအလဲ တစ်ခုကို လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ" ဟု ပြောကြားသွားသည်။
ဒဲလ်ဂလစ်ရှ်ဟာ အသင်းက သူ့ကို တကယ်လိုအပ်နေတဲ့ အချိန်မှာ မန်နေဂျာ အနေနဲ့ ရောက်လာခဲ့ပါတယ်။ သူက မန်နေဂျာ ဖြစ်ပါရစေလို့ မတောင်းဆိုခဲ့ပါဘူး။ ကျွန်တော်တို့က သူ့ကို ဒီနေရာမှာ တာဝန်ထမ်းဆောင် ပေးပါလို့ ပန်ကြားခဲ့တာ ဖြစ်ပါတယ်...
လက်ရှိတွင် လီဗာပူးလ်သည် မန်နေဂျာသစ် တစ်ဦးကို အပူတပြင်း ရှာဖွေနေပြီး အလန်ပါဂျူး၊ အန်ဒရီဗီလက်စ် ဘိုအာ့စ်၊ ဘရန်ဒန်ရော်ဂျာစသည့် ပရီးမီးယားလိဂ် အတွေ့အကြုံရှိသူများကို ချိတ်ဆက်လျှက် ရှိသည်။
Ref: Sky Sports
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com