22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, January 9, 2012

ဘုရားသခင်လုပ်သော အသစ်များ

ယခုအခါ နှစ်ဟောင်း ၂၀၁၁ ကုန်ဆုံး၍ နှစ်သစ် ၂၀၁၂ သို့ ကူးပြောင်း ၀င်ရောက်လာပြီ ဖြစ်ပါသည်။ ထိုသို့ ၀င်ရောက်လာသည့် အခါ ဘုရားသခင် ဖန်ဆင်းသော နှစ်သစ်၏ အနှစ်သာရများကို ခံစားကြည့်တတ်ဘို့ လိုပါသည်။ ကျမ်းစာထဲတွင် ကျမ်းပိုဒ်တစ်ခုက ဤသို့ ဆိုထားပါသည်။
 "လူမည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သော သတ္တ၀ါ ဖြစ်၏။ ဟောင်းသော အရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ကြပြီး။ (၂ ကော ၅း၁၇)
ဘုရားသခင်သည် အသစ်ပြုလုပ်ခြင်းကို အလွန်စိတ်ဝင်စားသည်။ ကမ္ဘာဦး အစမှ စတင်ကာ ခေတ်အဆက် ဆက်တွင် ဘုရားသခင်သည် အသစ်များကို ပြုလုပ်ခဲ့သည်။ အရာဝတ္ထုတစ်ခုသည် စတင်ဖြစ်တည်သည့် အခြေအနေအတိုင်း မရှိတော့လျှင် ဟောင်းနွမ်းသွားပြီ ဟု ပြောဆိုနိုင်ပါသည်။ ထိုသို့ ဖြစ်ပျက်ခြင်းကို မတည် မြဲခြင်း ဟု ခေါ်ဆိုနိုင်ပါသည်။ လောက ဖန်ဆင်းခံ လောက အရာဝတ္ထုတို့သည် ဟောင်းနွမ်း ပျက်စီးတတ် သည်မှာ ဓမ္မတာ ဖြစ်သည် မဟုတ်ပါလော။ သို့သော် မစိုးရိမ်ပါနှင့်။ ထိုအရာ အားလုံးကို ဘုရားသခင်က တာဝန်ယူပါသည်။ ယခု ဘုရားသခင် လုပ်ဆောင်သည့် အသစ်သော အရာများကို လေ့လာကြည့်ကြပါစို့။
လူကို ဖန်ဆင်းခြင်း (ကမ္ဘာ ၁း၂၆-၂၇)
ဘုရားသခင်သည် လောက စင်္ကြာဝဠာကြီးကို လစ်လပ်လဟာ ဘာမျှ မရှိသော အရာထဲမှ ဖန်ဆင်း ပြုလုပ်ခဲ့ပါသည်။ ထိုမျှသာမက ထိုဖန်ဆင်းထားသော စင်္ကြာဝဠာကြီးထဲတွင် လိုအပ်သော အရာဝတ္ထု ဟူသမျှ ကို ဖန်ဆင်းပြုပြင်ခဲ့ပါသည်။ ထိုအရာများကို ဖန်ဆင်းပြီးနောက် ဘုရားသခင်နှင့် မိဿဟာရဖွဲ့နိုင်ရန်အတွက် လူကို ဖန်ဆင်းခဲ့ပါသည်။ ထိုလူသားသည် ဘုရားသခင်နှင့် သဏ္ဍာန်တူ ဖန်ဆင်းထားပြီး ဘုရားသခင်က တန်ဘိုးထားသော သက်ရှိ သတ္တ၀ါ တစ်ဦးပင် ဖြစ်ပါသည်။ ထိုလူသားကို အာဒံ ဟူ၍ အမည်ပေးခဲ့ပြီး လောကကြီးကို အုပ်စိုးနိုင်သော အခွင့်အာဏာကို တန်ခိုးကိုလည်း ပေးအပ်ခဲ့သည်။ ထိုလူသားနှင့် နေ့ရက် အစဉ်အတိုင်း နေအေးသော အချိန်များတွင် မိတ်ဿယ ဖွဲ့လေ့ရှိပါသည်။ ထိုသို့ ဘုရားသခင်နှင့် အတူသွားလာ နေသည့် နေ့ရက်ကာလများတွင် လူသား၏ အခြေအနေသည် ၀မ်းမြောက် အားရစရာ အပြည့်ဖြင့် အစစ အရာရာ အဆင်ပြေ အောင်မြင် ချောမောခဲ့သည့် အခြေအနေတွင် ရှိနေခဲ့ပါသည်။
သင့်ကို ဘုရားသခင်က လူလောကကြီးထဲတွင် ဖန်ဆင်းပို့ဆောင်ထားသည်မှာ ဘုရားသခင်နှင့် မိတ်ဿဟာရ ဖွဲ့ အသက်ရှင်ရန်ဖြစ်သည်။ ထိုသို့ ဘုရားသခင်နှင့် မိတ်ဿဟာရဖွဲ့ အသက်ရှင်ရန် သင်ကိုယ်တိုင်က သခင် ယေရှုခရစ်တော်ကို သိကျွမ်းရမည်။ သို့မှသာ ဘုရားသခင်နှင့် အစဉ်မိတ်ဿဟာရ ဖွဲ့နိုင်မည်ဖြစ်သည်။ ထိုသို့ ဘုရားသခင်နှင့် မိတ်ဿဟာရ ဖွဲ့အသက်ရှင်သည့် ကာလပတ်လုံး သင့်ဘ၀တွင် အဆင်ပြေ အောင်မြင်သော အသက်တာကို အရယူ လျှောက်လှမ်းဘို့ လွယ်ကူပါလိမ့်မည်။
သို့သော် လူသည် ဘုရားသခင်နှင့် မိဿဟာရ မဖွဲ့တော့ဘဲ စာတန်နှင့် မိဿဟာရ ဖွဲ့လိုက်သည့် ခဏခြင်းမှာ ပင် အခြေအနေအားလုံး ပြောင်းပြန် ဖြစ်သွားလေတော့သည်။ လူသည် ဘုရားသခင် တားမြစ်ထားသော ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးကိုစားလိုက်သည့် ခဏမှာပင် လူသည် ဘုရားသခင်၏ ရှေ့တွင် မရပ်တည်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့လေသည်။ ထိုအချိန်မှ စ၍ လူသည် ဘုရားသခင် ဖန်ဆင်းထားသည့် ပုံစံ မဟုတ်တော့ဘဲ ချွတ်ယွင်းမှု ရှိသော အခြေအနေ သို့ ရောက်ရှိသွားလေ တော့သည်။ ထိုသို့ ဖြစ်သွားသည့်အတွက် မူလအတိုင်း မဖြစ်တော့သည် ကို ဟောင်းနွမ်းသွားသည် ဟု ခေါ်ပါသည်။ လူသည် မူလအခြေအနေ မရှိတော့သည့်အတွက် ဟောင်းနွမ်းသွားသည့်အတွက် ဘုရားသခင်နှင့် မိတ်သဟာ ရ မဖွဲ့နိုင်တော့ခြေ။ ထို့ကြောင့် လူသားသည် ကျဆင်းသွားလေတော့သည်။
ရေလွှမ်းမိုးခြင်းအားဖြင့် အသစ်ပြန်လည် ပြုလုပ်ခြင်း(ကမ္ဘာဦး ၆း၁ မှ ၈း၂၂)
ဘုရားသခင်သည် လူ၏ ဟောင်းနွမ်းပျက်စီးသွားသော အခြေအနေမှ အသစ်ပြန်လည်ပြုလုပ်ရန် စတင် ပြင်ဆင် ခဲ့သည်။ အာဒံမှ အစပြုခဲ့သော ဘုရားသခင်ရှေ့တွင် အသက်မရှင်နိုင်ခဲ့သော အခြေအနေတွင် လူတို့သည် ဆိုးသွမ်း ပျက်စီး လာခဲ့ပါသည်။ ထိုခေတ်တွင် ဖြောင့်မက်သော နောဧကို ပြန်လည် အသုံးပြုခဲ့ပြီး ဆိုးယုတ်နေသော ကမ္ဘာလောကကြီးကို ပြန်လည် အသစ်ပြုပြင်ရန် ပြင်ဆင်ခဲ့ပါသည်။ နောဧသည် ဘုရားသခင်၏ အသုံးတော်ခံ တစ်ဦး ဖြစ်ရန် မိမိကိုယ်ကို ဆက်ကပ် အပ်နှံခဲ့သည်။
ဘုရားသခင်သည် လောက လူသားများကို ကယ်တင်ရန် သင့်ကို အသုံးပြုလိုပါသည်။ သို့သော် သင်ကိုယ်တိုင် အသုံးပြုခံမှသာ ဘုရားသခင်က အသုံးပြုမည် ဖြစ်ပါသည်။ သင်၏ ဖြောင့်မက်မှန်ကန်မှုအားဖြင့် သင့်ပတ်ဝန်းကျင်မှ လူသားများ အားလုံးကို ဘုရားသခင်က ကယ်တင်ခြင်ပါသည်။ သင်ကိုယ်တိုင် အပ်နှံအသက်ရှင်ဘို့ စိတ်ဆုံးဖြတ်လိုက်ပြီ ဆိုလျှင် သင့်ပတ်ဝန်းကျင်မှ လူသားများအားလုံး အသစ်ဖြစ်လာပါ လိမ့်မည်။
နောဧကို အသုံးပြုပြီး ဘုရားသခင်က ကယ်တင်ရန် ကြိုးစားအားထုပ်ခဲ့ပါသော်လည်း လူတို့၏ စိတ်နှလုံး ခိုင်မာ မှုကြောင့် ဘုရားသခင်၏ အကြံအစည်တော် မပြည့်ဝ နိုင်ခဲ့ချေ။ လူတို့သည် မိမိတို့၏ ပျော်ပါး တပ်မက်မှု နောက်ကိုသာ လိုက်နေကြသဖြင့် နောဧက မည်သို့ပင် ဟောပြော သွင်သင်ပါသော်လည်း လူတို့မှာ ဆုံးရှုံးခြင်း သို့ ရောက်ရှိသွားခဲ့ကြလေသည်။ နောဧနှင့် သားသုံးယောက် အပါအ၀င် သူတို့၏ ဇနီးမယားများသာ အသစ် ဖြစ်သော အခြေအနေကို ခံစားရရှိခဲ့ကြလေသည်။
ဘာသာစကား ကွဲပြားမှုဖြင့် အသစ်ဖြစ်လာခြင်း (ကမ္ဘာ ၁၁း၁-၉)
နောဧမှ အသစ်ဖြစ်လာသော အခြေအနေကို ရရှိခံစားခဲ့သော်လည်း လူတို့သည် မိမိ၏ ပညာ၊ ငွေကြေး၊ ဂုဏ်ပကာသနများကို တန်ဘိုးထား ဦးစားပေးလာသောအခါ ဘုရားသခင် ဖန်ဆင်းစက ရည်ရွယ်ချက်ဖြစ်သော လူနှင့် မိတ်သဟာရ ပြုရန်ဟူသော အချက်မှာ ပျောက်ဆုံး ပျက်စီးသွားခဲ့ပြန်ပါသည်။ ထိုအချိန်မှ စတင်က လူတို့သည် သူတို့၏ ဂုဏ်အသရေကိုသာ တန်ဘိုးထား အသက်ရှင်ကြလေတော့သည်။ ထို့ကြောင့် သူတို့၏ ဂုဏ်သတင်း ကျော်ကြားရန် အဖို့အလို့ငှါ မိုးကောင်းကင်တိုင်အောင်မြင့်မားသော အဆောက်အဦးကြီးများကို တည်ဆောက်ကြလေတော့သည်။
လူတို့သည် မိမိတို့၏ ဂုဏ်သတင်း ကျော်ကြားရန် ဦးစားပေး အသက်ရှင်ပါက ဘုရားသခင်ထားသော လမ်းကြောင်းမှ လမ်းလွဲသွားတတ်သည်။ ထိုအခါ ဘုရားကို အံတုပြိုင်လိုသော စိတ်ဓါတ်ဝင်လာတတ်ပါသည်။ ထို့ကြောင့် သင့်အသက်တာတွင် မိမိ၏ ပညာနှင့် ကျော်ဇောမှုများနောက်သို့ မလိုက်ပါရန် တိုက်တွန်းလို  ပါသည်။
ထိုလူတို့ကို ဘုရားသခင်က ကွဲပြားစေရန် ဘာသာစကားကို ခြားနားလိုက်တော့သည်။ ထိုအချိန်မှ စတင်ကာ လူတို့၏ ယဉ်ကျေးမှုနှင့် ဘာသာစကားတို့ အသစ်စတင်ဖြစ်ပေါ်လာခဲ့ပြီး လူအမျိုအနွယ်တို့ စတင်ဖြစ်ပေါ်လာခဲ့ ပါသည်။ ဘုရားသခင်ကို ရှေ့တန်းမတင်ဘဲ မိမိတို့ ဂုဏ်အသရေကို တန်ဘိုးထား အသက်ရှင်ပါက ထိုလူတို့၏ အဖွဲ့ အစည်း၊ မိသားစု၊ အသိုင်းအ၀ိုင်း ပြိုကွဲသွားနိုင်သည်ကို သတိချပ်သင့်ပါသည်။
ကတိတော်များအားဖြင့် အသစ်သော အခြေအနေကို ဖန်တီးပေးခြင်း။ (ကမ္ဘာ ၁၂း၁ မှ ၅၀း၂၆)
ဗာဗုလုန် ရဲတိုက်များကို တည်ဆောက်ရန် ကြိုးစားမှုများ အားလုံး အဆင်မပြေတော့ဘဲ အားလုံး ပြိုကွဲ ပျက်စီး သွားခဲ့ပါသည်။ ထိုလူတို့သည် မူလက စီစဉ်ထားမှုများ ပျက်စီး ပျောက်ဆုံးမှုများ ဖြစ်ပြီးနောက် ခေတ်ကာလ ကြာမြင့်လာသော အခါ ဘုရားသခင်သည် ထိုလူများကို အသစ်ပြန်လည် ဖြစ်တည်စေရန် ထပ်မံ ပြုပြင် ကြိုးစား အားထုပ်ခဲ့ပါသည်။ ထို့ကြောင့် ထိုလူထဲမှ ဘုရားသခင်က အာဗြဟံ ဟု ခေါ်သော လူတစ်ဦးကို ခေါ်ထုပ်ကာ ဘုရားသခင်၏ အမှုတော်မြတ်ကို ထပ်မံ ဆောင်ရွက်စေခဲ့သည်။ ယခု ဆောင်ရွက်ပုံ ဟူမူကား ဘုရားသခင်က ကတိတစ်ခုကို ပြုတော်မူခဲ့ပြီး ထိုကတိထဲတွင် ယုံကြည်လျှောက်လှမ်းပါက လူတို့၏ နှလုံးသား ပြုပြင်ဘို့ကိုသာ အဓိကထား ပြုလုပ်တော့သည်။
ယခု အဖြစ်အပျက်မတိုင်မီက ဘုရားသခင်သည် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ အသစ်ဖြစ်မှုများကို လုပ်ဆောင်ခဲ့ သော်လည်း အာဗြဟံ လက်ထက်မှ စတင်ကာ ဘုရားသခင်က အသစ်ပြုလုပ်ခဲ့သည်မှာ အတွင်ပိုင်း ၀ိညာဉ် (နှလုံးသား) အသစ်ဖြစ်လာရန် ဦးစားပေး ပြုလုပ်ခဲ့လေသည်။
ကျွန်ုပ်တို့၏ အသက်တာထဲတွင် ဘုရားသခင်က ဖြစ်စေချင်သည်မှာ သူ၏ ကတိတော်များကို ယုံကြည် အသက်ရှင်ရန် အလိုတော်ရှိပါသည်။ ထိုသို့ အသက်ရှင် ရှောက်လှမ်းမှသာ ကျွန်ုပ်တို့၏ ဘ၀ အသက်ရှင်မှုထဲ တွင် ဘုရားသခင်က ကောင်းကြီး မင်္ဂလာများ  ချပေး သွန်းလောင်းမည်ဖြစ်ပါသည်။ အာဗြဟံ၏ ဘ၀ အသက် တာထဲတွင် ဘုရားသခင်၏ ကတိတော်များကို အခြေအနေအမျိုးမျိုးတွင် ယုံကြည်အသက်ရှင်ခြင်းဖြင့် သူတစ်ဦး တည်းသာမက သူ၏ အဆက်အနွယ်များပါ ကောင်းကြီး မင်္ဂလာ ဖြစ်တည်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်ပါသည်။
ဣသရေလ လူတို့ကို ကျွန်ဘ၀မှ လွှတ်မြောက်စေခြင်းဖြင့် အသစ်ဖြစ်စေခြင်း (ထွက် ၁း၁ မှ တရား ၃၄း၁၂)
အာဗြဟံမှ စ၍ သူ၏ သားမြေးတို့သည် ဘုရားသခင်၏ ကတိတော်ကို ယုံကြည်ပြီး အသက်ရှင်ခဲ့ကြသော်လည်း နောက်ပိုင်း မျိုးဆက်များမူကား မိမိတို့၏ ဆန္ဒနှင့် ဇာတိကိုသာ ဦးစားပေး အသက်ရှင်ကြသဖြင့် သူတို့သည် အဲဂုတ္တု လူတို့၏ လက်အောက်တွင် ကျွန်ဖြစ်ခဲ့ကြလေသည်။ ထိုသို့ ကျွန်ဖြစ်ပြီးနောက် ထိုလူတို့သည် ဘုရားသခင်၏ ကတိတော်ကို အောက်မေ့ပြီး ပြန်လည်အော်ဟစ်ခဲ့ကြရာ ဘုရားသခင်ကလည်း သူတို့ကို ပြန်လည်အကြည့်အရှု ကြွချီလာတော်မူသဖြင့် သူတို့သည် ကျွန်ဘ၀က လွတ်မြောက်ကာ ဘုရားသခင် ပေးသနားတော်မူသော အသစ်သော ဘ၀ကို ပြန်လည် ရရှိလာကြလေသည်။
လူသားတို့သည် မည်ကဲ့သို့ပင် ဘုရားသခင်နှင့် ဝေးနေကြပါစေ ဘုရားသခင်ကို ပြန်လည် အော်ဟစ်ပါက ကျွန်တော်တို့ လူသားများကို မေတ္တာ အပြည့်နှင့် ချစ်တော်မူသော ဘုရားသခင်သည် အမြဲတစ်စေ ခွင့်လွှတ် တတ်သော ဘုရားဖြစ်သည်။ ကျွန်တော်တို့သည် နောင်တရတတ်သော နှလုံးသားတော့ ရှိဘို့ လိုအပ်ပါသည်။
ထိုသို့ အော်ဟစ်ပြီး ဘုရားသခင်ကို ပြန်လည် တမ်းတ ခေါ်ယူကြသောအခါ ဘုရားသခင်က ပဿခါ သိုးသူငယ်ကို ပြင်ဆင်ခဲ့ပြီး၊ ထိုသိုးသူငယ်အားဖြင့် ဣသရေလ လူမျိုးတို့မှာ အဲဂုတ္တု ကျွန်ဘ၀က လွှတ်မြောက်မှု ရရှိခဲ့ကြလေသည်။ ဤသို့ဖြင့် သူတို့၏ ခါးသီးလှသော ကျွန်ဘ၀မှ လွတ်မြောက်ခဲ့သဖြင့် ဣသရေလ လူမျိုးတို့မှာ အသစ်သော ဘ၀ကို ဖန်ဆင်း ရရှိခဲ့ကြလေသည်။
ယနေ့ လူတို့၏ အခြေအနေများကို ပြန်လည် သုံးသပ်ကြည့်ပါက စာတန်၏ ကျွန် (သို့) လောက၏ ကျွန်ဘ၀သို့ေ၇ာက်ရှိနေကြသဖြင့် လူတိုင်းသည် ငရဲသို့သာ လားနေကြသည့် အခြေအနေတွင် ဘုရားသခင်က သိုးသူငယ် တည်းဟူသော ခရစ်တော် သခင်ယေရှုကို လက်ဝါးကားတိုင်တွင် အသေခံခြင်းအားဖြင့် ကျွန်တော်တို့ လောကီ သားများကို ကယ်တင်ခဲ့လေသည်။ ထိုအမှုအရာကို ယုံကြည်လက်ခံခြင်းအားဖြင့် အသက်သစ် (သို့) ဘ၀သစ်ကို ရယူ အသက်ရှင်နိုင်သောသူများ ဖြစ်နိုင်ပါပြီ။ မိတ်ဆွေကိုယ်တိုင် ခရစ်တော်၏ လက်ဝါးကားတိုင်တော် တရားကို ယုံကြည်ခြင်း အားဖြင့် ခရစ်တော်၌ အသစ်သော အသက်တာကို ရယူပါရန် လေးစားစွာ တိုက်တွန်းနိုးဆော်အပ်ပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )