22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, April 26, 2012

မြန်မာနိုင်ငံ၏ စီးပွားရေးတည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန် အရေးကြီးကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ပြောကြား

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ သိသိသာသာ တိုးတက်လာဖွယ်ရှိ၍ နိုင်ငံ၏ စီးပွားရေး တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန် အရေးကြီးကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ဧပြီလ ၂၃ ရက်နေ့က ပြောကြားခဲ့ကြောင်း အေပီသတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။ အာရှဖွံ့ဖြိုးရေးဘဏ် မန်နေဂျင်းဒါရိုက်တာ Rajat Nag က မြန်မာနိုင်ငံတွင် ကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်မှုစနစ်ကို ပြင်ပဈေးကွက် ပေါက်ဈေးပုံစံမျိုး သတ်မှတ်လိုက်မှုသည် အင်မတန် အပြုသဘောဆောင်သည့် ခြေလှမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် လမ်းပွင့်လာပြီဖြစ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတွင် သိသိသာသာ တိုးတက်လာဖွယ်ရှိရာ နိုင်ငံ၏ စီးပွားရေးတည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန် အရေးကြီးကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် မန်နေဂျင်းဒါရိုက်တာက ပြောကြားခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ခက်ခဲသည့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပါမောက္ခဒေါ်ရီရီမြင့်က ''လာမယ့်နှစ်တွေမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအပါအ၀င် စီးပွားရေး တိုးတက်လာနိုင်တယ်။ ဒါပေမယ့် စီးပွားရေး တည်ငြိမ်မှုမရှိရင် ထင်သလောက် ဖြစ်လာမှာ မဟုတ်ဘူး။ အဓိကက ၀င်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို သတိထား စောင့်ကြည့် ရွေးချယ်စေချင်တယ်။ ကာလတို ရင်းနှီးမြှုပ်နှံမှုပဲ လာတာများပြီး ကာလရှည် ရင်းနှီးမြှုပ်နှံမှု မလာဘူးဆိုရင် တိုင်းပြည်စီးပွားရေး တည်ငြိမ်မှုအတွက် အန္တရာယ်ရှိနိုင်တယ်။ အဲဒါကြောင့် သတိရှိနေရမယ်။ အစိုးရကလည်း သတိထားမှ တည်ငြိမ်မှန်ကန်တဲ့ မူဝါဒကို ချမှတ်နိုင်မယ်။ သတိမပြုရင် ငွေကြေးဈေးနှုန်း တည်ငြိမ်အောင် ထိန်းနိုင်မှာ မဟုတ်ဘူး။ ဗဟိုဘဏ်က ငွေကြေးဈေးနှုန်းကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ဖို့ အရေးကြီးတယ်။ နောက်ပြီး ကမ္ဘာစီးပွားရေးနဲ့ ပိုပြီး ချိတ်ဆက်လာနိုင်တဲ့အတွက် ကမ္ဘာ့စီးပွားရေးရဲ့ ရိုက်ခတ်မှုတွေ၊  သက်ရောက်မှုတွေ ကြုံရလာနိုင်တယ်။  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ကာလတိုဆိုရင် ငွေပူဖြစ်ဖို့များတယ်။ ငွေပူဖြစ်ရင် မြန်မာနိုင်ငံလို နိုင်ငံအတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကာလရှည် ရင်းနှီးမြှုပ်နှံမှုမျိုး ၀င်လာအောင် ဆွဲဆောင်နိုင်ရမယ်'' ဟု ပြောကြားခဲ့သည်။ ''ကာလရှည် ရင်းနှီးမြှုပ်နှံမှုဆို နည်းပညာနဲ့ အတွေ့အကြုံတွေရမှာ ဖြစ်ပေမယ့် စီးပွားရေး တည်ငြိမ်မှုမရှိရင် ၀င်လာမှာ မဟုတ်တာကြောင့် နည်းလမ်းတွေကို စဉ်းစားထားသင့်တယ်'' ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ''စီးပွားရေး တည်ငြိမ်မှုဆိုတာမှာ ဈေးနှုန်းတွေ တည်ငြိမ်မှုရှိဖို့ အရေးကြီးဆုံးပါ။ ဈေးနှုန်းတွေ ခဏခဏ တက်တာမျိုး၊ ဈေးနှုန်းပြင်တာမျိုး၊ ဈေးနှုန်းပြောင်းတာမျိုး နည်းတယ်ဆိုရင် စီးပွားရေး တည်ငြိမ်တယ်လို့ ဆိုနိုင်ပါတယ်။ စီးပွားရေးကောင်းလာ၊ ဖွံ့ဖြိုးလာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာမယ်။ သုံးစွဲမှုတွေ များလာမယ်၊ ကုန်သွယ်မှုပမာဏ မြင့်လာမယ်၊ ငွေကြေးလည်ပတ်မှုတွေ များပြားလာမယ်။ အဲဒီလိုအခြေအနေမှာ တည်ငြိမ်မှု ရှိအောင် ထိန်းသိမ်းနိုင်တဲ့ အရည်အချင်းက အဓိက အရေးကြီးဆုံး ဖြစ်လာမယ်။ ဈေးနှုန်းတွေထဲမှာ ငွေကြေးဈေးနှုန်းက အရေးကြီးဆုံး ဖြစ်တဲ့အတွက် ငွေကြေးပေါ်လစီ ကောင်းမွန်ဖို့ လိုတယ်။ မြန်မာနိုင်ငံမှာ အရင်းအနှီးဈေးကွက် မရှိသေးတဲ့အတွက် လူတွေလက်ထဲ ပိုနေတဲ့ငွေတွေထိန်းဖို့၊ အလွန်အကျွံ လည်ပတ်လာတဲ့ ငွေတွေကို ထိန်းနိုင်ဖို့ လိုတယ်။ အဓိကကတော့ ဗဟိုဘဏ်မှာ ထိန်းကျောင်းနိုင်တဲ့ အရည်အချင်းရှိဖို့ အဓိကကျပါတယ်'' ဟု ပါမောက္ခ ဦးမော်သန်းက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အခြား နိုင်ငံများက ဆိုင်းငံ့ဖြေလျော့မှုများ ပြုလုပ်လာပြီးနောက် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်တစား စုံစမ်းမှုများ ရှိလာနေသည်။ အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ယခုနှစ်တွင် ခြောက်ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်း ၂၀၁၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )