22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 10, 2012

ယူရိုပါလိဂ် ချန်ပီယံ ဖြစ်လာသည့် အက်သလက်တီကို ~ အက်သလက်တီကို မက်ဒရစ် ၃ - ၀ အက်သလက်တီကို ဘီလ်ဘာအို

စပိန်နှစ်သင်း အားပြိုင် ကြိုးပမ်းကြသော ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် အက်သလက်တီကို မက်ဒရစ်က အက်သလက်တီကို ဘီလ်ဘာအိုအား ရာဒါမယ်လ် ဖယ်လ်ကာအို အစွမ်းဖြင့် ဂိုးပြတ် အနိုင်ရ ဗိုလ်စွဲ သွားခဲ့သည်။

အက်သလက်တီကိုတွင် ဖယ်လ်ကာအိုအပြင် အာဒါတူရန်၊ ဒီယေဂို၊ အေဒရီယန် လိုပက်ဇ်၊ ဂါဘီဖာနန်ဒက်ဇ်၊ မာရီယိုဆွာရက်ဇ်၊ ဖိလစ်ပီ၊ ဒီယေဂိုဂေါ်ဒင်၊ မီရန်ဒါ၊ ဂျူအန်ဖရန်၊ သီဘောက် ကော်တိုရစ်တို့ ပါဝင် ကစားခဲ့ကြသည်။ ကလပ်အသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံး ဥရောပအဆင့် ဆုဖလားကို မျှော်လင့်ထားသည့် ဘီလ်ဘာအိုမှာမူ ဖာနန်ဒို လော်ရန်တေး၊ အီကာမြူနီယန်နင်၊ မာကယ် ဆူဆက်တာ၊ အော်စကာ ဒီမားကို့စ်၊ အန်ဒါ အီတာရပ်ဆီ၊ အန်ဒါ ဟာရဲရာ၊ ဂျွန်အော်တန်နက်ဆီ၊ ဖာနန်ဒို အမော်ရီဘိုက်တာ၊ ဟာဗီးယား မာတီနက်ဇ်၊ အန်ဒိုနင် အိုင်ရိုလာ၊ ဂိုကာ အိုင်ရီဇော့တို့ဖြင့် လူစုံတက်စုံ ခင်းကျင်းလာသည်။

ပွဲအစ (၂)မိနစ်တွင် အက်သလက်တီကိုမှ လိုပက်ဇ်သည် ၎င်းကို Marking ကပ်ထားသည့် အော်တန်နက်ဆီကို ကျော်ကာ အပိုင်ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့သည်။ (၇)မိနစ်တွင် အက်သလက်တီကိုတို့ ဂိုးစရသည်။ ဂိုးဧရိယာ ညာဘက်ထောင့်နား ဘောလုံး ဆွဲဝင်လာသည့် ကိုလံဘီယာ လက်ရွေးစင်က ၎င်းအား ပိတ်ဆို့ထားသူများကို လှည့်စားကာ နောက်ပြန်ဆွဲယူပြီး အားပြင်းသော ဘယ်ခြေကန်ချက်ဖြင့် အမြောက်ကန်သွင်းသွားခြင်း ဖြစ်သည်။ (၁၈)မိနစ်တွင် ဘီလ်ဘာအို တိုက်စစ်မှူး လော်ရန်တေး ထောင့်ဖြတ်ဘောကို ခေါင်းတိုက်ခွင့် ရသော်လည်း ဂိုးပေါက် လွဲခဲ့သည်။ (၂၄)မိနစ်တွင် ဘီလ်ဘာအို တောင်ပံတိုက်စစ်သမား မြူနီယန်နင်၏ ကိုက်(၃၀)မျှ အကွာမှ လှမ်းကန်သော ဘောလုံးကို ကော်တိုရစ် သတိကြီးစွာ ပုတ်ထုတ် ကာကွယ်သွားခဲ့ရသည်။ (၃၄)မိနစ်တွင် အက်သလက်တီကို အသင်း ဒုတိယဂိုး ရရှိသည်။ တူရန် ခင်းပေးလိုက်သော ဘောလုံးကို ဂိုးဧရိယာထဲတွင် လှည့်ပတ် လိမ်ခေါက်ကာ ဖယ်လ်ကာအိုကပင် ဘယ်ခြေဖြင့် သွင်းယူ သွားခြင်းဖြစ်သည်။ ဖယ်လ်ကာအို သွင်းယူသော နှစ်ဂိုးလုံးသည် ၎င်း၏ ဘောလုံးကို ကျွမ်းကျင်နိုင်နင်းစွာ ထိန်းသိမ်းနိုင်မှုကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ ပထမပိုင်း အပြီးတွင် အက်သလက်တီကိုက ထိုဂိုးများဖြင့် ပွဲကို ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင် ဘီလ်ဘာအိုက တိုက်စစ်ကို ပြန်လည် အစပြုခဲ့သည်။ မြူနီယန်နင် ဘေးစည်းအတိုင်း ဆွဲပြေးပြီး အက်သလက်တီကို ဂိုးဧရိယာထဲ ဖြတ်ပို့သည်ကို မီရန်ဒါက ရှင်းထုတ်ခဲ့ရသည်။ မိနစ်(၆၀)တွင် ဂိုးဧရိယာ ရှေ့ရောက်နေသည့် ကော်တိုရစ်ကို ကျော်ကာ ဘီလ်ဘာအို လူစားဝင် ကစားသမား အီနစ်ဂ်နို ပီရက်ဇ် လှမ်းကန်သော်လည်း ဘယ်လ်ဂျီယံ လူငယ် ဂိုးသမားက နောက်ပြန်ဆုတ်ကာ ပုတ်ထုတ်သွားခဲ့သည်။ (၇၁)မိနစ်တွင် လော်ရန်တေး ခေါင်းတိုက် ချပေးသည်ကို လူစားဝင် ကစားသမား အီဘိုင်ဂိုမက်ဇ်၏ အဆုံးသတ်ချက် ဂိုးဘားတန်းပေါ် ကျော်ထွက် သွားသည်။ ဂိုမက်ဇ်သည် အက်သလက်တီကို နောက်တန်းကို နောက်ဆုံး မိနစ်ပိုင်းများတွင် တောက်လျှောက် ဒုက္ခပေးခဲ့ပြီး (၇၃)မိနစ်တွင် ၎င်းထိုးဖောက်ကာ ချိုးပေးသည့် ဘောလုံးကို ဒီမားကို့စ် ဘေးချော် ကန်ခဲ့သည်။ (၈၁)မိနစ်တွင် ဖယ်လ်ကာအိုက တိုက်စစ်ဆင်ကာ ဘီလ်ဘာအို ဂိုးသမား အိုင်ရီဇော့ မတားဆီးနိုင်သည့် အနိမ့် ကန်ချက်ဖြင့် ဂိုးသွင်းသော်လည်း တိုင်တည့်တည့် ထိခဲ့သဖြင့် Hat-Trick ရမည့် အခွင့်အရေး ဆုံးရှုံးသွားသည်။ (၈၅)မိနစ်တွင်မူ ဒီယေဂိုက ဘီလ်ဘာအို ခံစစ်သမားများ လူဝင် မကပ်သည့် အတွက် တောက်လျှောက် ဘောလုံး ဆွဲပြေးကာ ဘယ်ခြေဖြင့် အနိမ့်ထောင့်ဖြတ် ကန်သွင်းပြီး ပွဲရလဒ် ပြတ်သားစေသော ဂိုးအား အက်သလက်တီကို အတွက် သွင်းယူခဲ့သည်။

ထိုဂိုးဝင်သွားသည့် အခါ ဘီလ်ဘာအို၏ လူငယ်တောင်ပံသမား မြူနီယန်နင်သည် မြက်ခင်းကို မျက်နှာအပ်ကာ ရှုံးနိမ့်မှုအတွက် ၀မ်းနည်းပက်လက် ငိုကြွေးခဲ့သည်။ ဘီလ်ဘာအို အသင်းသည် (၁၉၇၇)ခုနှစ်ကလည်း ယူရိုပါ ဗိုလ်လုပွဲထိ တက်နိုင် ခဲ့သော်လည်း ဂျူဗင်းတပ်စ်ကို အရေးနိမ့်ကာ ဒုတိယဖြင့်ပင် ကျေနပ် ခဲ့ရဖူးသည်။
Ref: Eurosport
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )