"တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ စာနယ်ဇင်းလွတ်လပ်ခွင့်က အရေးအကြီးဆုံး၊ စာနယ်ဇင်း လွတ်လပ်ခွင့်ရှိမှ တိုင်းပြည်ကို တိုင်းဖြစ်ပြည်ဖြစ် မြန်မြန်တည်ဆောက်နိုင်မယ်ဆိုတဲ့ theme ပါပဲ၊ ကျနော်တို့ အနေနဲ့ကလည်း အနှစ် ၅၀ လုံးလုံး မလွတ်မလပ်နေခဲ့ရတာကိုးဗျ၊ ဟိုတုန်းကတော့ ဟိုဟာဖျက်ခိုင်း၊ ဒီဟာဖျက်ခိုင်း၊ ပထမ ငွေမှင်နဲ့ပိတ်၊ အဲ့ဒါကို ဓါတ်ဆီလေးနဲ့ ဖျက်ပြီးဖတ်၊ နောက်ကြတော့ မှင်အနက်နဲ့ပိတ်၊ နောက်ကြတော့ အပါမခံ၊ အဲ့လို ကျနော်တို့က ကြီးခဲ့ရတာကိုးဗျ။" ကိုလေး (အင်းဝဂုဏ်ရည်)
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား ကို မန္တလေး စာနယ်ဇင်း အသိုင်းအ၀ိုင်းက စာနယ်ဇင်းသမားတွေ စုစည်းပြီး မန္တလေးမြို့ Green Elephant Restaurant ဆင်စိမ်းရောင် စားသောက်ဆိုင်မှာ ကျင်းပခဲ့ကြပါတယ်။
လွတ်လပ်တဲ့ စာနယ်ဇင်း အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့ရည်ရွယ်ပြီး ကျင်းပခဲ့ကြတာလို့ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။
"ရည်ရွယ်ချက်ကတော့ စာနယ်ဇင်းလွတ်လပ်ခွင့် ပါပဲဗျ၊ လွတ်လပ်တဲ့ စာပေအဖွဲ့အစည်းတွေ ပေါ်ပေါက်အောင် ကျနော်တို့ ကြိုးစားရမယ်၊ လွတ်လပ်တယ်ဆိုပြီးတော့ ထင်ရာလျှောက်လုပ်လို့ မရဘူးဆိုတဲ့အကြောင်း၊ ကိုယ်ကိုကိုယ်လည်းတည်ဆောက်ရမယ် တိုင်းပြည်ကိုလည်း တည်ဆောက်ရမယ်၊ "
ဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ နယကလည်းဖြစ် အထင်ကရ သတင်းစာ ဆရာတစ်ဦးလည်းဖြစ်တဲ့ ဆရာကြီး ဦးဝင်းတင် က ရန်ကုန်ကနေ ၁၅ မိနစ်ခန့်ရှိတဲ့ ဗွီဒီယို ကလစ်တစ်ခု ပေးပို့လိုက်ပြီး အရင်မလွတ်လပ်တဲ့ကာလတွေအကြောင်း၊ လူ့အခွင့်အရေးနဲ့ သတင်းစာလွတ် လပ်ခွင့်တွေရဲ့အကြောင်း ပြောဆိုထားတာဖွင့်ပြခဲ့ပါတယ်။
စာရေးဆရာ ညီပုလေး ကလည်း လွတ်လပ်တဲ့စာပေရေးသားခွင့် ကာလ အမြန်ဆုံးရောက်လိုကြောင်း အခုလို ပြောပါတယ်။
"ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ရထားနဲ့ ကားနဲ့တိုက်တဲ့အခါ ကျနော် ဓါတ်ပုံ သွားရိုက်တော့ အာဏာပိုင်တွေက မရိုက်ရဘူးလို့ ပိတ်ပါတယ်၊ ရိုက်ပြီးသားပုံတွေ ဖျက်ခိုင်းတယ်၊ ပြီးတော့ စာနယ်ဇင်း ဘယ်သူ့ကို ကိုယ်စားပြုတာတုန်းမေးတယ်၊
ပါလာရင်မင်းနဲ့ငါနဲ့ တွေ့မယ်လို့ တားဆီးကြိမ်းမောင်းခံရတဲ့
အကြောင်းလေး အခြေခံပြီးတော့ ကျနော် နှစ်ပေါင်းများစွာ
ဖြတ်သန်းခဲ့တဲ့ ထောင်တွင်း အတွေ့အကြုံတွေ ရေးချင်တဲ့အကြောင်း အဲ့လို လွတ်လွပ်လပ်လပ်ရေးခွင့်ရတဲ့ ကာလကို အမြန်ဆုံး ရောက်စေချင်တဲ့ အကြောင်းလေ အခြေခံပြောတာပါ။"
ဒီကနေ့မှာပဲ ရန်ကုန်မြို့ စထရန်း(strand) ဟော်တယ်မှာ ပြန်ကြားရေး
ဝန်ကြီးဌာနနဲ့ ယူနက်စကိုတို့ပူးတွဲပြီး ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကျင်းပခဲ့သလို မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း
ဖြစ်မြောက်ရေး ကော်မတီကလည်း ၀န်းကျင်သစ်မှာ မီဒီယာ သို့ စိန်ခေါ်ချက်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ စင်ထရယ်ဟော်တယ်မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က ဖျက်သိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွေ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်

10:27 AM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com