ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ကို ကွပ်ကဲရန် အတွက် နစက ကွပ်ကဲရေးမှူး အသစ် တစ်ဦး ရောက်ရှိလာပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
နစက အရာရှိများကို ဘင်္ဂလာနယ် ခြားစောင့်တပ်ဖွဲ့ အရာရှိများနှင့် ကော့စ်ဘဇားမြို့ ဆွေးနွေးပွဲ တစ်ခုတွင် တွေ့ရစဉ်။
ရောက်ရှိလာသည့် နစက ကွပ်ကဲရေးမှူး အသစ်မှာ ဗိုလ်မှူးကြီး မောင်မောင်ဦး (ယာယီ)ဖြစ်ပြီး တောင်ကုတ်မြို့ ဇာတိ ဖြစ်ကြောင်း ဆိုသည်။
“မနေ့က ၂ နာရီခွဲမှာ ရောက်ပါတယ်။ သူနဲ့အတူ သစ်တောရေးရာ ပြည်နယ် မန်နေဂျာလည်း ပါတယ်။ အခု အသစ် ရောက်လာတဲ့ နစက ကွပ်ကဲရေးမှူးက ရခိုင် လူမျိုးလို့ပြောပါတယ်။ ရခိုင်လူမျိုးလို့ပြောတဲ့ အတွက် ဒေသခံ ရခိုင်တွေကတော့ ၀မ်းသာကြပါတယ်” ဟု မောင်တောမြို့ခံတဦးက ပြောသည်။
ယခင်ရှိခဲ့သော နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးအား တာဝန် ပေါ့လျော့မူနှင့် လာဒ်ပေး လာဒ်ယူမူများကြောင့် နေပြည်တော်သို့ ခေါ်ယူသွားပြီးနောက် အဆိုပါ တာဝန်ကို ထမ်းဆောင်ရန် ဗိုလ်မှူးကြီး မောင်မောင်ဦး ရောက်ရှိလာခြင်း ဖြစ်သည်။
ရက်အတန်ငယ် လစ်လပ်နေခဲ့သည့် မောင်တောမြို့ အခြေစိုက်သည့် နယ်စပ်ဒေသလုံခြုံရေးနှင့် ကွပ်ကဲ ရေးမှူး နေရာတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဗိုလ်မှူးချုပ် မောင်မောင်ဦးမှာ ယခင် နစကမှူးများ ပြောင်းရွှေ့လာပုံနှင့် မတူဘဲ ထူးခြားချက်များ ရှိနေသည်ဟု သိရသည်။
“အရင်က ဗမာပြည်မဘက်က အရာရှိတွေ မောင်တောကို ပြောင်းလာရင် ဘာပစ္စည်းမှ ပါမလာဘူး။ ဒီက ပြောင်းမှဘဲ ပစ္စည်းတွေ အပြည့် နဲ့ပြန်တာ။ အခုရောက်လာတဲ့ ကွပ်ကဲရေးမှူးမှာတော့ အိမ်သုံး ပရိဘောဂတွေ အစုံ ပါလာတာ တွေ့ရတယ်။ အဲဒါ တခုကတော့ ထူးခြားတယ်။” ဟု မောင်တောမြို့မှ နစကနှင့် နီးစပ်သူ တဦးက ပြောသည်။
ဗိုလ်မှူးကြီး အောင်ကြီး အပါအ၀င် နစက အရာရှိများသည် လာဒ်ပေး လာဒ်ယူမူ လုပ်ရာတွင် ပါဝင် ပတ်သက်မူများ အကြီးအကျယ် ရှိနေကြာင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ဇွန်လ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ဆူပူမူကိုလည်း ယခင် နစက ကွပ်ကဲရေးမှူးက သိန်းပေါင်း ၃၅၀၀ ယူကာ ခွင့်ပြုခဲ့သည် ဆိုသော စွပ်စွဲချက်များလည်း အများအပြား ပေါ်ပေါက်နေသည်။
ဗိုလ်မှူးကြီး အောင်ကြီး၏ ပိုင်ဆိုင်မှုတချို့ကို ယခုအခါ နိုင်ငံတော်မှ သိမ်းဆည်း လိုက်ကြောင်း မောင်တောမြို့ တွင် သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာမှ သီးခြား အတည် မပြုနိုင်ခြင်း မရှိသေးပါ။
ယခင် ကွပ်ကဲရေးမှူး အောင်ကြီးကို ဇွန်လအတွင်းက မောင်တောမြို့တွင် ဘင်္ဂလီများ ဆူပူ အကြမ်း ဖက်မှု ဖြစ် ပွားနောက် နေပြည်တော်သို့ ခေါ်ယူသွားပြီး ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင် ကိုယ်တိုင် မောင်တောခရိုင်ရှိ နစက တပ်ဖွဲ့များကို ယာယီကွပ်ကဲ ခဲ့သည်ဟု သိရသည်။
မောင်အေး - နိရဉ္စရာ သတင်းဌာန
4:47 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com