22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 24, 2012

ယနေ့ပြည်သူ့လွှတ်တော်တွင် ဦးဝင်းသန်း တင်သွင်းခဲ့တဲ့ အရေးကြီးအဆို

ယနေ့ပြည်သူ့လွှတ်တော်တွင် သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်းက အောက်ပါအတိုင်း အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်-

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ နိုင်ငံတော် သမ္မတက တင်သွင်းခဲ့သည့် လွှတ်တော်၊ ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့၏ ပြည်ထောင်စု အဆင့်ဟူသည့် အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်းနှင့် စပ်လျဉ်း သည့် ဆုံးဖြတ်ချက် အပေါ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအား ဖွဲ့စည်းဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၃၃၄ အရ စွပ်စွဲပြစ်တင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ ကြပါသည်။

အဆိုပြတင်ပြချက်အရ လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံသို့ ၁၄.၈.၂၀၁၂ ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ခဲ့ပြီး နိုင်ငံတော်သမ္မတထံမှလည်း ၂၀.၈.၂၀၁၂ ရက်စွဲဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ သ၀ဏ်လွှာတစ်စောင် ပြန်ပို့ခဲ့ကြောင်း သိရှိပြီး ဖြစ်ပါသည်။

လွှတ်တော်ဥက္ကဋ္ဌက အထက်ပါသ၀ဏ်လွှာကို ပေးပို့ခြင်း မပြုမီတွင် ပြည်သူ့ကိုယ်စားလှယ်များ၏ ဆန္ဒကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရမည်ဟု ၀န်ခံပြောဆိုသွားသည့်အတွက် ထိုသို့ ၀န်ခံပြောဆိုမှုကို ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်များက ယုံကြည်သည့်အတွက်ကြောင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတထံ မှ ပြန်ကြားရမည့် ရလဒ်အပေါ်မူတည်လျှက် ဆက်လက်လုပ်ဆောင်ရန် ခဏသည်းခံပါဟု လွှတ်တော်ဥက္ကဋ္ဌ၏ သဘောထားကြီးမှုကို အလေးထား လေးစားသောအားဖြင့်လည်းကောင်း ကျွန်တော်တို့သည်းခံ စောင့်ဆိုင်း ခဲ့ကြပါသည်။

နိုင်ငံတော်သမ္မတထံမှ သ၀ဏ်လွှာ ပေးပို့ရောက်ရှိလာသည့်အခါတွင် နောက်ဆုံးအပိုင်း၌ သို့သော်လည်း ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြား လွတ်လပ်သော အဖွဲ့အစည်းများဖြစ်ပါသဖြင့် မိမိတို့အဆန္ဒအရ ကြိုက်နှစ်သက်သော နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်ရှိပါကြောင်းဟု ကြားသိရပြီး ၂၁.၈.၂၀၁၂ ရက် အထိ၊ လွှတ်တော်ဥက္ကဋ္ဌက မည်သို့ဆောင်ရွက် ပေးမည်ကို ဆက်လက်သည်းခံ စောင့်ဆိုင်းခဲ့ကြပါသည်။ သို့ရာတွင် ၎င်း သြဂုတ်လ ၂၁ ရက် နောက်ပိုင်းလည်း ဘာမျှဆက်လက်ဆောင်ရွက်ပေးခြင်း ထူးခြားမှု မရှိသည့်အတွက် ကျွန်တော်တို့အားလုံး၏ တင်ပြချက်ကို လွှတ်တော်ဥက္ကဋ္ဌကြီးမှ လစ်လျူရှုထားပါပြီလား သို့တည်းမဟုတ် ကျွန်တော်တို့၏ လွှတ်တော်အပေါ်တွင် လွှမ်းမိုးထားသော အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦး ရှိနေပါပြီလားဟု ထင်မြင်ယူဆမိကြပါသည်။

ဤထင်မြင်ယူဆချက်နှင့် လက်ရှိဖြစ်စဉ်များအတိုင်းသာ ဆက်လက်လုပ်ဆောင်ရမည်ဆိုပါက ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အကျိုးကို မည်သို့မျှ ဆက်လက်ဆောင်ရွက်နိုင်မည့် အနေအထား မရှိတော့ပါ။ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ထောင်စုအဆင့်အတန်းနှင့် ပတ်သက်၍ အနက်အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၃(ခ) အရ ဥပဒေပြဋ္ဌာန်းချက် တစ်ရပ်ရပ်၏ အနက်အဓိပ္ပါယ်ကို ယင်းဥပေဒပြုသည့်အာဏာပိုင် အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့်ကိုက်ညီအောင် ဖွင့်ဆိုရမည်ဟု လမ်းညွှန်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ ပြဋ္ဌာန်းချက်အရ ထင်ရှားနေပါလျှက် ခုံရုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြု ဆုံဖြတ်ခဲ့ခြင်းဖြစ်ပြီး အထက်ပါ ပုဒ်မ ၄၄၃ ကို ဖောက်ဖျက်ရာရောက်ကြောင်း ထင်ရှားနေပါသည်။

ယမန်နေ့ (၂၃.၈.၂၀၁၂) ရက်နေ့ကလည်း ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်ရန် နံနက် ၁၀ နာရီ၌ စီစဉ်ထားသော်လည်း၊ အစည်းအဝေး မကျင်းပဖြစ်သောကြောင့် တက်ရောက်ရန် စောင့်ဆိုင်း နေကြသော လွှတ်တော်ကိုယ်စားလှယ်များမှာ အချိန်ကုန် လူပမ်းဖြစ်ကြရပြီး ပြည်သူ့ကိုယ်စားလှယ်များကို အလေးမထားရာ ရောက်ခဲ့ပါသည်။ သို့ဖြစ်ပါသောကြောင့် ကျွန်တော်တင်သွင်းလိုသည့် အဆိုမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ၁၄.၈.၂၀၁၂ ရက်စွဲပါ သ၀ဏ်လွှာများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ မှန်ကန်သော ဆန္ဒကို ဥက္ကဋ္ဌကြီးက မည်သို့သဘောထားသည်ကို ရှင်းရှင်းလင်းလင်း သိခွင့်ရရှိသင့်ပါကြောင်း အဆိုအား တင်သွင်းလိုပါကြောင်း တင်ပြအပ်ပါသည်။

Pyithu Hluttaw - ပြည်သူ့လွှတ်တော်



Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )