22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 3, 2012

မန်စီးတီး၊ မန်ယူနှင့် အာဆင်နယ်တို့ နိုင်ပွဲရခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်(၃)

ပြီးခဲ့သည့် သီတင်းပတ် ပရီးမီးယားလိဂ် ပွဲစဉ်များ အပြီးတွင် ပွဲမကစား ခဲ့သည့် ချယ်လ်ဆီးက ထိပ်ဆုံးနေရာတွင် ဆက်ရှိနေပြီး မန်ချက်စတာ စီးတီး၊ အာဆင်နယ်နှင့် မန်ချက်စတာ ယူနိုက်တက် အသင်းများ နိုင်ပွဲ အသီးသီး ရှာဖွေနိုင်ခဲ့သည်။


မန်ချက်စတာစီးတီး ၃ - ၁ QPR

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ရာသီ အပိတ်ပွဲစဉ်တွင် အိမ်ကွင်း၌ မိမိတို့အား အကျပ်တွေ့အောင် စွမ်းဆောင်နိုင်ခဲ့သည့် QPRအသင်းကို အနိုင်ရရှိအောင် သက်တောင့်သက်သာ ကစားသွားသည်။

မန်စီးတီးတွင် အီဒင်ဂျက်ကို၊ ကားလို့စ်တီဗက်ဇ်၊ ယာယာတိုရေး၊ ဆမ်မီနာဆရီ၊ ဂျက်ရော့ဒ်ဝဲလ်၊ ဗင်းဆင့်ကွမ်ပနီ အစရှိသည့် ကစားသမားများ ပွဲထွက် ပါဝင်ခဲ့ပြီး ဧည့်သည် QPRတွင်လည်း အန်ဒီဂျွန်ဆင်၊ ဘော်ဘီဇာမိုရာ၊ ပါ့ခ်ဂျီဆန်၊ အက်စ်တာဘန် ဂရာနီရို၊ ဖေဘီယို ဒါဆေးလ်ဗား၊ အန်တန် ဖာဒီနန်တို့ ပါဝင်လာခဲ့သည်။

မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၁၆)မိနစ် ကတည်းက တိုရေးက သွင်းယူသည်။ တီဗက်ဇ် ကန်သွင်းသော ဘောလုံးမှာ ဇာမိုရာကိုထိပြီး လျှံထွက်လာချိန်၌ ဧရိယာ အစပ်နားမှ တိုရေးက ထပ်ဆင့် ကန်သွင်းသွားခြင်း ဖြစ်သည်။ ဒုတိယပိုင်း (၅၉)မိနစ်တွင် QPRက ချေပဂိုး သွင်းယူသည်။ ဂျွန်ဆင် လှမ်းကန်သော ဘောလုံးကို မန်စီးတီး ဂိုးသမား ဂျိုးဟတ် ပုတ်ထုတ်လိုက်ရာမှ ဂိုးရှေ့ ပြန်ကျလာသည်ကို ဇာမိုရာက ခေါင်းတိုက် သွင်းယူသွားခြင်း ဖြစ်သည်။ (၆၁)မိနစ်တွင် တီဗက်ဇ် ဘယ်ခြမ်းမှ ဆွဲထုတ်သွားပြီး ကန်တင်ပေးလိုက်သည်ကို ဂျက်ကိုက အနီးကပ် ခေါင်းတိုက်ကာ ဒုတိယဂိုး သွင်းယူသည်။ မန်စီးတီးအတွက် အနိုင်သေချာစေမည့် ဂိုးကို တီဗက်ဇ်က ပွဲပြီးခါနီးတွင် ရယူပေးခဲ့သည်။ ဂျက်ကို ဖြတ်ကန်သော ဘောလုံးက တီဗက်ဇ်နှင့်ထိကာ လမ်းကြောင်းလွဲပြီး ဂိုးဝင်သွားသဖြင့် QPRဂိုးသမား ရောဘတ်ဂရင်း လှုပ်ချိန်ပင် မရလိုက်ဘဲ ဂိုးပေးလိုက်ရသည်။



လီဗာပူးလ် ၀ - ၂ အာဆင်နယ်

Super Sunday၏ အကြိတ်အနယ် အရှိဆုံး ပွဲစဉ်အဖြစ် သတ်မှတ်နိုင်သော အန်းဖီးလ် အားပြိုင်မှုတွင် ဧည့်သည် အာဆင်နယ်က (၂-၀)ဖြင့် အနိုင်ရရှိသွားသည်။

လီဗာပူးလ်သည် ကြားရက်တွင် ယူရိုပါ ခြေစစ်ပွဲ ကစားထားသဖြင့် အတန်ငယ် ပွဲပန်းနေဟန်ရှိပြီး ယခုပွဲစဉ်တွင် လူးဝစ်ဆွာရက်ဇ်၊ ဖေဘီယို ဘော်ရီနီ၊ စတီဗင်ဂျရတ်၊ ဂျိုးအလန်၊ နျူရီဆာဟင်၊ မာတင် စကာတယ်လ်၊ ဟိုဆေး အန်ရီကေး အစရှိသည့် ကစားသမားများ ပွဲထွက်လာသလို အာဆင်နယ်တွင် အိုလီဗီရာ ဂီရော့ဒ်၊ လူးကက်စ် ပိုဒေါ့စကီး၊ ဆန်တီ ကာဇိုလာ၊ အဘူဒီယာဘီ၊ မစ်ကယ် အာတီတာ၊ သောမတ်စ် ဗာမေလန်၊ ပါး မာတီဆက်ကာတို့ဖြင့် လူစုံခဲ့သည်။

အာဆင်နယ်အတွက် အဖွင့်ဂိုးကို မိနစ်(၃၀)တွင် ပိုဒေါ့စကီးက သွင်းယူပေးခဲ့သည်။ ယင်းသည် အာဆင်နယ်၏ ယခုရာသီ ပရီးမီးယားလိဂ် အဖွင့်ဂိုးလည်း ဖြစ်သည်။ လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ်ထံမှ လူပေးမှားသွားသော ဘောလုံးကို အာဆင်နယ်က တန်ပြန်တိုက်စစ်ဖြင့် ထိုးဖောက်လာပြီး ကာဇိုလာက ထိုးပေးလိုက်သည်ကို ပိုဒေါ့စကီးက ထောင့်ဖြတ် အနိမ့်ကန်သွင်းသွားခဲ့သည်။ လီဗာပူးလ်သည် အာဆင်နယ်ဘက်သို့ တုံ့ပြန်ထိုးဖောက်မှုများ ပြုလုပ်ခဲ့သော်လည်း ဗာမေလန် ဦးဆောင်သော ဧည့်သည်အသင်း ခံစစ်၏ ကျစ်လစ်မှုကို မကျော်လွှားနိုင် ခဲ့သလို အာဆင်နယ် ဂိုးသမား ဗီတို မန်နိုနီကလည်း အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့သည်။ အာဆင်နယ်အတွက် အနိုင်သေချာစေမည့် ဂိုးကိုမူ (၆၈)မိနစ်တွင် ကာဇိုလာက သွင်းယူခဲ့သည်။ ပိုဒေါ့စကီးနှင့် တွဲလုံးကစားပြီး ဘယ်ခြမ်းမှ ကာဇိုလာ ဆွဲထွက်လာကာ အနိမ့်ဖြတ်ကန်သည့် ဘောလုံးမှာ အားပြင်းလွန်းသဖြင့် လီဗာပူးလ် ဂိုးသမား ပီပီရေနာ ကာကွယ်သော်လည်း လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားခြင်း ဖြစ်သည်။ အာဆင်နယ်သည် ယခုပွဲ အနိုင်ရလဒ်နှင့်အတူ (၃)ပွဲတွင် (၅)မှတ် ရထားပြီး လက်ရှိအချိန်ထိ ပေးဂိုးမရှိသေးချေ။



ဆောက်သမ်တန် ၂ - ၃ မန်ချက်စတာယူနိုက်တက်

တန်းတက်အသင်း ဆောက်သမ်တန်၏ အိမ်ကွင်းတွင် မန်ယူတို့ ရုန်းကန်ခဲ့ရသော်လည်း ကစားသမားသစ် ရော်ဘင်ဗန်ပါစီ၏ ဂိုးသွင်း စွမ်းရည်ကြောင့် (၃)မှတ်အပြည့် ရယူနိုင်ခဲ့သည်။

ဆောက်သမ်တန်တွင် ရစ်ကီလမ်းဘတ်၊ စတီဗန်ဒေးဗစ်၊ ဂျေဆန် ပန်ချီအွန်၊ မော်ဂန် ရှင်နီဒါလင်၊ ဒန်နီရယ်လ် ဖောက်စ် အစရှိသည့် ကစားသမားများ ပါဝင်ခဲ့သည်။ မန်ယူတွင် တိုက်စစ်ကို ဗန်ပါစီ ဦးဆောင်ကာ ရှင်ဂျီကာဂါဝါ၊ ဒန်နီဝဲလ်ဘက်၊ အန်တိုနီယို ဗလန်စီယာ၊ မိုက်ကယ်ကာရစ်၊ နီမန်ဂျာဗီဒစ်တို့အပြင် ဒဏ်ရာမှ ပြန်လည် သက်သာလာသည့် ဗဟိုနောက်ခံလူ ရီယိုဖာဒီနန်ပါ ဝင်ကစားသွားခဲ့သည်။

ယခုပွဲ၏ ဦးဆောင်ဂိုးကို (၁၆)မိနစ်တွင် ဆောက်သမ်တန်တို့က စတင်သွင်းယူသည်။ ကာဂါဝါထံမှ လျှံထွက်လာသော ဘောလုံးမှတစ်ဆင့် ဆောက်သမ်တန်အသင်း တိုက်စစ်ကို အစပြုပြီး ညာခြမ်းမှ ထိုးဖောက်ကာ ပန်ချီအွန် ကန်တင်ပေးလိုက်သည်ကို လမ်းဘတ်ကာ အပြင်းခေါင်းတိုက်ချက်ဖြင့် ဂိုးသွင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း (၂၃)မိနစ်တွင် ဗန်ပါစီက မန်ယူအတွက် ချေပဂိုး သွင်းယူသည်။ ဗလန်စီယာ ကန်တင်ပေးသော ဘောလုံးကို ဗန်ပါစီ ရင်ဘတ်ဖြင့် တစ်ချက်ထိန်းပြီး  ချိုးကန်သည့် ဘောလုံး ဂိုးသမား ကယ်လ်ဗင်ဒါးဗစ်ကိုထိကာ ဂိုးဝင်သွားခြင်းဖြစ်သည်။ (၅၅)မိနစ်တွင် ဆောက်သမ်တန်က နောက်တစ်ဂိုး ထပ်သွင်းသည်။ လမ်းဘတ် ကန်တင်ပေးသော ဘောလုံးကို Marking လွတ်နေသည့် ရှင်နီဒါလင်က အပိုင်ခေါင်းတိုက်ခဲ့ခြင်း ဖြစ်သည်။ (၆၉)မိနစ်တွင် ၎င်းအား ဆောက်သမ်တန် ခံစစ်က လူချသဖြင့် ရလာသော ပင်နယ်တီကို ဗန်ပါစီကိုယ်တိုင် ကန်သွင်းသော်လည်း ဂိုးမဝင်ခဲ့ချေ။ (၈၇)မိနစ်တွင်မူ ဖာဒီနန် ခေါင်းတိုက်သည့် ဘောလုံး တိုင်ထိထွက်လာရာ ဗန်ပါစီက အမှားအယွင်းမရှိ ပိတ်သွင်းပြီး ချေပဂိုး ရယူသည်။ နာကျင်အချိန်ပိုတွင် မန်ယူအတွက် (၃)မှတ်တန် ဂိုးကို လူစားဝင် ကစားသမား လူးဝစ်နာနီ ကန်တင်ပေးသော ထောင့်ကန်ဘောမှ တစ်ဆင့် ဗန်ပါစီက လှလှပပ ခေါင်းတိုက်ကာ ရယူပေးခဲ့ပြီး Hat-Trickရှင် ဘွဲ့ကိုပါ ခံယူနိုင်ခဲ့သည်။
Ref: Eurosport
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )