အာရှ ဘောလုံး အဖွဲ့ချုပ် (AFC) က အာရှ ယူ-၂၂ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအား လက်ခံ ကျင်းပခဲ့သည့် မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်အား ပရိသတ်များ စည်းကမ်းမဲ့စွာ အားပေးမှုအပေါ် ဒေါ်လာ (၂၈၀၀၀) ဒဏ်ရိုက်ခဲ့ရာ ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ထိုကဲ့သို့ အရေးယူ ခံရခြင်းများကြောင့် တိုင်းပြည်၏ ဂုဏ်သိက္ခာ ထိခိုက်ကြောင်း သတိပေး ပြောကြားခဲ့သည်။
ဘောလုံး အဖွဲ့ချုပ်၏ မီဒီယာ ဒါရိုက်တာ ဖြစ်သူ ဦးစိုးမိုးကျော်က "ဒေါ်လာ ၂၈၀၀၀ ဆိုတာ မနည်းတဲ့ ပိုက်ဆံပါ။ နောက် ဂုဏ်သိက္ခာ အရလည်း ဆုံးရှုံးမှု ရှိပါတယ်။ ပရိသတ်ရဲ့ အဆင့်အတန်း၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ နိုင်ငံတကာ အလယ်မှာ မျက်နှာငယ်စရာ ဖြစ်ရပါတယ်။ နောက် သတိထားရမှာက ဒီအတိုင်း ဖြစ်ပါ များလာရင် ထပ်ပြီး အရေးယူ ခံရနိုင်တာမျိုး ရှိပါတယ်။ ပြိုင်ပွဲရဲ့ စည်းမျဉ်း စည်းကမ်းတွေကလည်း တရားဝင် ဖော်ပြထား ပြီးသားပါ။ ကွင်းထဲကို ပစ္စည်းတစ်ခု ၀င်တာနဲ့ ဘယ်ရွှေ့ဘယ်မျှ ဒဏ်ရိုက်မယ်၊ ဘယ်လို အရေးယူမယ်ပေါ့။ ဥပမာ - ကွင်းထဲကို ခဲတစ်လုံး ၀င်တိုင်း ဒေါ်လာ ၅ထောင် ဒဏ်ရိုက် ခံရနိုင်ပါတယ်။ လေးလုံးကျရင် ဒေါ်လာ ၂သောင်း ပေးရပါမယ်" ဟု ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍လည်း "ကျွန်တော်တို့ အနေနဲ့တော့ ပညာပေး အစီအစဉ်တွေ တိုးချဲ့ လုပ်ဆောင်ဖို့ ကြိုးပမ်း နေပါတယ်။ ဒါပေမဲ့ ပရိသတ် ၃သောင်းဆိုတဲ့ ပမာဏမှာ ၃၀လောက်က ဖောက်ဖျက်ရင်လည်း အရေးယူ ခံရမှာပါပဲ။ ဒီထက်ပိုပြီး အခုလို ဖြစ်နေဦးမယ် ဆိုရင် နောက်ပိုင်းမှာ နိုင်ငံတကာ ပွဲတွေကို လက်ခံ ကျင်းပခွင့်တွေ ဆုံးရှုံးမယ်။ အိမ်ကွင်း အပိတ်ခံရတာတွေ ရှိလာပါလိမ့်မယ်။ အိုမန်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကိစ္စကြောင့်လည်း ဖီဖာက လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အိမ်ကွင်း လက်ခံခွင့် ပိတ်ပင် ထားပြီး ဖြစ်ပါတယ်။ အခုလို နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အားပေးပုံမျိုးနဲ့ အားပေးတာမျိုး မလုပ်ကြဖို့ ကိုလည်း မေတ္တာရပ်ခံ လိုပါတယ်" ဟု ဦးစိုးမိုးကျော်က Soccer Myanmar သို့ ဖွင့်ဟခဲ့သည်။
"သတ်မှတ် နေရာထက် ကျော်လွန် အားပေးတယ် ဆိုတာက ကြည့်ချင်လွန်း အားကြီးလို့၊ ဘောလုံးကို ချစ်မြတ်နိုး လွန်းလို့ ထားပါတော့။ ကိုယ့်နိုင်ငံက ကွင်းတွေကလည်း အဆင်သင့် ဆိုတဲ့ အထဲမှာမှ မပါသေးတာ။ နောက်ဆိုရင်တော့ စနစ်တကျ ကိုယ့်ထိုင်ခုံနဲ့ ကိုယ် အားပေးနိုင်တော့မှာပါ။ ဒါပေမဲ့ ခဲတွေနဲ့ ပစ်ပေါက်လို့ ဒဏ်ကြေး ဆောင်ရတယ် ဆိုတာကတော့ နည်းနည်းမှ အဓိပ္ပါယ် မရှိပါဘူး။ ခဲနဲ့ ကွင်းထဲ ပစ်လိုက်ရတဲ့ လူတစ်ယောက်ဟာ ကိုယ်ဘာရလိုက်လဲ၊ ကိုယ့်လုပ်ရပ်ရဲ့ ရည်ရွယ်ချက် ဘာလဲ ဆိုတာ ကိုယ်ကိုယ်ကိုယ် ပြန်မေးကြည့် သင့်ပါတယ်" ဟု အရေးယူ ခံရသည့် သတင်းနှင့် ပတ်သက်၍ မြန်မာ ဘောလုံးချစ် ပရိသတ် တစ်ဦးကလည်း မှတ်ချက်ပြု ခဲ့သည်။
ထိုကဲ့သို့ အရေးယူ ခံရခြင်းနှင့် ပတ်သက်၍ ဘောလုံး အဖွဲ့ချုပ် အကြီးတန်း တာဝန်ရှိသူ တစ်ဦးက မိမိတို့ အနေဖြင့် အကောင်းဆုံး ကြိုးပမ်း ထိန်းချုပ်သည့်တိုင် အားနည်းချက်များ ရှိနေသေးကြောင်း၊ လာမည့် ပွဲစဉ်များတွင် ပိုမို ကောင်းမွန်သည့် လုံခြုံရေး အစီအမံများ ချမှတ်ထားရန် လိုအပ်ကြောင်း သုံးသပ်ခဲ့ဖူးသည်။ "အဓိက အားနည်းနေတာက Body Search ပါ။ ကွင်းထဲကို ရေဗူးနဲ့ ပေါက်တယ်၊ မီးရှူးတွေ ထွန်းပြီး အားပေးတယ် ဆိုတာက ကျွန်တော်တို့ရဲ့ ကွင်းလုံခြုံရေး တာဝန်ခံတွေရဲ့ Body Search ပိုင်း အားနည်းလို့ ဖြစ်ရတာပါ။ ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံ တွေဆိုတာကလည်း အပြင်မှာ ဘယ်လို လုပ်ဆောင်နေတယ် ဆိုတာကို လိုက်ကြည့်နေတာ မဟုတ်ပါဘူး။ ကွင်းထဲကို အရာဝတ္ထု ၀င်လာသလား၊ သတ်မှတ် ထားတဲ့အတိုင်း စည်းကမ်းတကျ အားပေးလား ဆိုတာကိုပဲ ကြည့်တာပါ" ဟု ဘောလုံး အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဦးဘန်နီတင်အောင်က ဖွင့်ဟခဲ့ဖူးသည်။
၂၀၁၂ ဆူဇူကီး ဖလား ခြေစစ်ပွဲ အုပ်စုအဆင့် ပွဲစဉ်များအား လာမည့် အောက်တိုဘာ ၅ရက်နေ့မှ ၁၃ရက်နေ့ အထိ ရန်ကုန်မြို့၌ လက်ခံ ကျင်းပဦးမည် ဖြစ်သည်။
11:44 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com