22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, December 27, 2011

ခြေသည်း လက်သည်းမှို

     
      ခြေသည်းလက်သည်းတွေရဲ့အလှကို ဖျက်စီးတဲ့ထဲမှာ မှိုတွေကလည်း ထိပ်ဆုံးကပါတယ်လေ။ အဲ့ဒီမှိုတွေအကြောင်းကို သူငယ်ချင်းတို့သိအောင် ပြောပြမယ်နော်။ ခြေသည်းလက်သည်းမှိုကို အများဆုံးဖြစ်စေတာက Dermatophytes ဆိုတဲ့ အကောင်လေးတွေပါ။ ပူနွေးစွတ်စိုတဲ့နေရာမှာ ရှင်သန်ပေါက်ရောက်ပွားများတဲ့ ကောင်လေးတွေပေါ့။

                  ခြေသည်းတွေဟာ လက်သည်းတွေထက် ပိုပြီးမှိုစွဲနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လက်သည်းတွေထက် ခြေသည်းတွေကို သွေးရောက်တာ ပိုနည်းတယ်လေ။ အဲ့ဒီတော့ ရောဂါပိုးကို တိုက်နိုင်စွမ်းလည်းပိုနည်းတာပေါ့။ ပြီးတော့ နေရာတကာလျှောက်သွားနေရတဲ့ ခြေထောက်တွေဟာ ရောဂါပိုးတွေနဲ့ ပိုတွေ့ရတယ်။ ပြီးတော့ ရူးဖိနပ်စီးတဲ့သူတွေမှာဆိုရင်  ခြေသည်းတွေဟာ မှောင်မိုက်ပူနွေးပြီး ချွေးတွေနဲ့စိုစွတ်နေတဲ့အခြေအနေမှာ အကြာကြီးနေရပြန်တယ်။ ဒီတော့ ခြေသည်းတွေဟာ ပိုပြီးမှိုစွဲလွယ်တော့တာပေါ့။ အဲ့ဒါကလည်း မှိုတွေပျော်မွေ့တဲ့ အနေအထားမျိုးဆုတော့လေ။
ဘာတွေကြောင့် ဖြစ်တတ်လဲ ??
               ခြေသည်းလက်သည်းမှိုရဲ့အစကတော့ အရေပြားမှိုကနေ စတတ်တယ်။ ဥပမာပြောရရင် ခြေချောင်းလေးတွေကြားမှာဖြစ်တဲ့ အရေပြားမှိုကနေ သေချာမကုရင် ခြေသည်းလေးတွေကိုပါ မှိုစွဲရော။ ခြေချောင်းလေးတွေကို ယားလို့ကုတ်ရင်းနဲ့ လက်သည်းတွေကိုပါ မှိုစွဲလာနိုင်ရော။ 
               ဒါမှမဟုတ်ရင်လည်း ရေနဲ့ ထိတွေ့တာများတဲ့သူတွေပေါ့။ လယ်ထဲ ချောင်းထဲမှာ အလုပ်လုပ်တဲ့သူတွေ။ လက်ခဏခဏဆေးတဲ့သူတွေ၊ အ၀တ်လျှော်၊ ပန်းကန်ဆေး၊ ရေကိုင်တာများရင် လက်သည်းအခြေက အရေပြားလေးက ထိခိုက်ပွန်းပဲ့နိုင်တယ်လေ။ အဲ့ဒီတော့ မှိုတွေက လွယ်လွယ်နဲ့ ၀င်နိုင်ပြီပေါ့။ အဲ့လိုပဲ ခြေသည်းလက်သည်းတွေ ဒဏ်ရာရရင်လည်း ပိုးဝင်နိုင်တယ်လေ။
               တကယ်လို့ ကိုယ်ခံအားနည်းတဲ့အခြေအနေတွေ (AIDS၊ ကင်ဆာဆေးသွင်းခံရတဲ့သူများ)၊ ဆီးချိုရှိသူတွေ၊ သွေးလှည့်ပတ်မှုမကောင်းတဲ့သူတွေ (အသက်ကြီးသူတွေ၊ ဆေးလိပ်အလွန်သောက်တဲ့သူတွေ) မှာတော့ လွယ်လွယ်နဲ့ ခြေသည်းလက်သည်းမှိုစွဲနိုင်ပါတယ်နော်။
               ပြီးတော့ ခြေအိတ်၊ ရူးဖိနပ်တွေ၊ ထိပ်ပိတ်ဖိနပ်တွေ အမြဲဝတ်သူတွေမှာလည်း ချွေးတွေနဲ့ ပိတ်လှောင်ပြီးဖြစ်တတ်တယ်။ အဲဒါနဲ့ ပြောင်းပြန်ကတော့ ဖိနပ်မစီးတဲ့သူတွေပေါ့။ ဖိနပ်လည်းမစီးပဲ ဟိုဟိုဒီဒီလျှောက်သွားရင်လည်း ဖြစ်ပြီသာမှတ်တော့။ အဲဒီ ဟိုဟိုဒီဒီမှာ ညစ်ပတ်တဲ့နေရာတွေတောင် မဟုတ်ဘူးနော်။ စိုစွတ်တဲ့ အများပိုင်နေရာတွေ ရေကူးကန်တို့၊ ရေချိုးခန်းတို့၊ Gym တို့မှာ ဖိနပ်မစီးပဲနေရင်၊ ခြေသည်းလက်သည်းမှာလည်း အပေါက်အပြဲတွေရှိနေရင်၊ ကိုယ်ခံအားကျနေတဲ့အချိန် ဖြစ်နေရင်လည်း ရောဂါပိုးဝင်နိုင်တယ်နော်။ ဒါလေးတွေကို သေချာဂရုစိုက်ပေးမယ်ဆိုရင် ခြေသည်းလက်သည်းမှိုမဖြစ်အောင် ကာကွယ်နိုင်တယ်လေ။
ရောဂါလက္ခဏာများ
Distal Subungual Onychomycosis
ဒီပုံစံမှာ လက်သည်းရဲ့ အဖျားထိပ်လေးတွေမှာ အဖြူရောင်၊ အညိုရောင်၊ အ၀ါရောင်၊ အကွက်လေး တွေပေါ်လာပါတယ်။ လက်သည်းလည်း ကွာလာတတ်တယ်။
White Superficial Onychomycosis
လက်သည်းခြေသည်းတွေမှာ အဖြူရောင်အကွက်လေးတွေ ပေါ်လာတယ်။ လက်သည်းခြေသည်းတွေဟာ ကြမ်းလာတယ်၊ ကြွတ်ဆပ်လာတယ်။
Proximal Subungual Onychomycosis
ဒီပုံစံကတော့ ဖြစ်တာရှားတယ်။ လက်သည်းအရင်းပိုင်းမှာ ဖြူဝါ၀ါအကွက်လေးတွေပေါ်လာပြီး နောက်ပိုင်းမှာ
လက်သည်းတစ်ခုလုံးကို ပြန့်သွားပါတယ်။
Candida infection
ဒီပုံစံကလည်း အဖြစ်များပါတယ်။ ဒီပုံစံမှာ လက်သည်းက ထူပြီး ကြမ်းလာတယ်။ ပြီးတော့ အတွန့် အမြောင်းလေးတွေလည်း ဖြစ်လာတတ်တယ်။   
               ခြေသည်းလက်သည်းမှိုစွဲစမှာ နာလည်းမနာဘူး။ အဖြူကွက် အညိုကွက်တွေပေါ်လာတယ်။ ဆိုးလာတာနဲ့အမျှ ထူလာတယ်။ ကြွတ်ဆပ်လာတယ်။ ကြမ်းလာတယ်။ ပုံပျက်လာတယ်။ တော်တော်ကို ဆိုးလာပြီဆိုရင် နာလာတယ်။ အနံ့နံလာတယ်။ ခြေသည်းလက်သည်း ကွာထွက်တတ်တယ်။ ပထမ တစ်ချောင်းထဲ ဖြစ်တာကနေ တခြားလက်သည်း ခြေသည်းတွေပါ ဖြစ်လာတတ်တယ်။ ကိုယ်ခံအားနည်းတဲ့ AIDS ရောဂါရှင်၊ သွေးကင်ဆာ၊ ဆီးချိုသွေးချို ကိုယ်တွင်းအင်္ဂါ အစားထိုးထားရသူတွေ ပိုးသတ်ဆေး၊ စတီးရွိုက်ဆေး ကြာရှည်စွဲသောက်နေရသူတွေ၊ ကင်ဆာဆေးသွင်းကုသမှုခံယူနေရသူတွေဟာ ပိုးဝင်လွယ်တယ်။ ပြီးရင်လည်း တော်တော်နဲ့ မကောင်းတတ်တာမို့ အရမ်းသတိထားရပါမယ်။
ကုသမှု
                ခြေသည်းလက်သည်း မှိုစွဲတာကို လိမ်းဆေး သောက်ဆေးတွေနဲ့ ကုသလို့ရပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး လိမ်းဆေးနဲ့တင်ပျောက်ကင်းနိုင်သလို သောက်ဆေးတွဲမှ ရတဲ့အခြေအနေတွေလည်း ရှိပါတယ်။ လိမ်းဆေးမှာ Ketoconazole ၊ Clotrimazole လိမ်းဆေး တွေကို တရက် ၂ ကြိမ်မှ ၃ ကြိမ်ကို ၂ပတ်လောက် နေ့တိုင်း စွဲလိမ်းပေးရမယ်နော်။ တကယ်လို့ ရေ၀ဲ၊ သဲဝဲ၊ ပွေးစတဲ့ အရေပြားမှိုတွေ ရှိနေရင်တော့ အဲဒါတွေကိုလည်း ၂ - ၃ ကြိမ် ၂ ပတ်မှ ၁ လထိ လိမ်းပေးရပါမယ်။ သောက်ဆေးတွေကြတော့ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ မသောက်သင့်တဲ့သူတွေလည်းရှိတယ်။ အဲဒါကို ကြာရှည်စွဲသောက်ရမှာဆိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်တာမို့ မပြောတော့ဘူးနော်။ ဒါကြောင့် ခြေသည်းလက်သည်းမှိုက အခြေအနေဆိုးနေရင်တော့ ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ ကုသမှုကို ခံယူတာ အကောင်းဆုံးပါ။ လက်သည်းကို ခွဲစိတ်ပြီး ဖယ်ပစ်ရမယ့်အခြေအနေလည်း ရှိနိုင်လို့ပါပဲ။
                 ကုသမှုတွေကို ခံယူနေပြီး ထိရောက်မူရှိတယ်ဆိုရင် ပုံမှန်ကျန်းမာတဲ့ ခြေသည်းလက်သည်းက တဖြည်းဖြည်းထွက်လာပါလိမ့်မယ်။ တကယ်လို့  ၁ လလောက်နေလို့မှ ခြေသည်းလက်သည်းသစ် ထွက်မလာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပါ။ ထိရောက်မှုရှိတယ်ဆိုရင်တော့ ၆ လ လောက်မှာ ပိုးရှိနေတဲ့အပိုင်း လုံးဝကုန်သွားပါလိမ့်မယ်။
                ပြီးတော့ မှိုစွဲနေတဲ့ ခြေသည်းလက်သည်းကို အတိုပဲထားပါ။ လက်သည်းညှပ်ကိုလည်း သီးခြားသုံးပါ။ ထိခိုက်ရှနာမဖြစ်အောင်လည်း ဂရုစိုက်ပါ။ တတ်နိုင်သမျှ ခြောက်သွေ့အောင်ထားပါ။ ရေနဲ့ထိတွေ့ရတဲ့ အလုပ်လုပ်နေရတယ်ဆိုရင် ရာဘာလက်အိတ်၊ ရာဘာဖိနပ်တို့ကို ၀တ်လို့ရပါတယ်။ ရူးဖိနပ်လိုမျိုး ထိပ်ပိတ်ဖိနပ်တွေ မစီးပါနဲ့။ အပြင်သွားရင် ဖိနပ်မစီးဘဲမနေပါနဲ့။ ဖြစ်နိုင်ရင် ဖိနပ်အသစ်စီးပါ။ ဖိနပ်အဟောင်းကိုလည်း ဆေးလို့ရရင် သေချာဆေးကြောပါ။ နေလှန်းပါ။ လုံးဝကောင်းသွားမှ လက်သည်းနီဆိုးပါ။ ပိုးဝင်နေတဲ့ ခြေသည်းလက်သည်းကို မကိုင်ခင်နဲ့ ကိုင်ပြီးချိန်မှာ လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။
သဘာဝနည်းနဲ့ ကုသမှု - ရေနဲ့ ဗီနီဂါကို တ၀က်စီရောပြီး မှိုစွဲနေတဲ့ ခြေသည်း လက်သည်းကို တရက်ကို ၃ ကြိမ် နာရီဝက်စီ စိမ်ပေးပါ။ ပြီးရင် ခြောက်သွေ့အောင် သုတ်ဖို့ မမေ့နဲ့နော်။
                ဒီလောက်ဆိုရင် ခြေသည်းလက်သည်းမှိုရှိနေတဲ့သူငယ်ချင်းတွေလည်း ပျောက်ကင်းအောင်ဘယ်လို ဂရုစိုက်လုပ်ဆောင်ရမယ်ဆိုတာ သိသွားလောက်ပြီ။ မရှိတဲ့သူငယ်ချင်းတွေလည်း မဖြစ်အောင် ကာကွယ်နိုင်လောက်ပြီနော်။ ရင်နှင်းသူငယ်ချင်းလေးတွေ အမြဲကျန်းမာလှပနေပါစေရှင်.. ။
ပို့စ်ကို ကူးယူဖော်ပြမယ်ဆိုရင် 
Myanmar Sky Link
(Myanmar Health & Beauty Website)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )