22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 30, 2012

စုပေါင်းပိုင် အဆောက်အအုံဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်မှု မရှိသေးသဖြင့် ကွန်ဒိုတိုက်ခန်းများတွင် နေထိုင်သူများအနေဖြင့် လူမှုဘ၀ အခက်အခဲများ ဖြစ်ပေါ်နေဟု ကွန်ဒိုတိုက်ခန်းများတွင် နေထိုင်သူများ ပြောကြား

ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်းအချို့ (ပုလဲကွန်ဒို)
စုပေါင်းပိုင် အဆောက်အအုံ ဥပဒေ (Condominium Law) အတည်ပြု ပြဋ္ဌာန်းနိုင်မှု မရှိသေးသဖြင့် ကွန်ဒိုတိုက်ခန်းများတွင် နေထိုင်သူများအနေဖြင့် လူမှုဘ၀ နေထိုင်ရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကွန်ဒို တိုက်ခန်းများတွင် နေထိုင်သူများ၏ ပြောပြချက်အရ သိရှိရသည်။

ကွန်ဒိုတိုက်ခန်းများတွင် ၀ယ်ယူနေထိုင်သူများအနေဖြင့် မြေရှင်၊ ကန်ထရိုက်တာ၊ ၀ယ်ယူနေထိုင်သူ စသည့် သက်ဆိုင်သူ အသီးသီး လိုက်နာရမည့် စည်းကမ်းချက်များ အသိအမှတ်ပြု လက်မှတ်ရေးထိုးခဲ့သော်လည်း မြေရှင်နှင့် ကန်ထရိုက်တာအချို့မှ သတ်မှတ်စည်းကမ်းများအား လိုက်နာမှုမရှိခြင်းကြောင့် အခက်အခဲ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သိရသည်။

ကွန်ဒိုတိုက်ခန်းတွင် နေထိုင်သူများအနေဖြင့် ရေခွန်၊ မီးခွန်၊ သန့်ရှင်ရေးအခွန်၊ ဓာတ်လှေကား ပြုပြင်ထိန်းသိမ်းစရိတ်၊ မီးစက်၊ လောင်စာဆီစရိတ်၊ လုံခြုံရေးစရိတ်၊ စသည့် ကုန်ကျငွေများအား ကွန်ဒိုတိုက်ခန်းများတွင် နေထိုင်သူများမှ မျှဝေကျခံလေ့ရှိပြီး ထိုသို့ဆောင်ရွက်ခြင်းများ အား ကွန်ဒိုသာယာရေးအဖွဲ့မှ ဦးစီးဆောင်ရွက်သော်လည်း ကွန်ဒိုပိုင်မြေရှင်နှင့် ကန်ထရိုက်တာတို့မှ ကွန်ဒိုသာယာရေးအဖွဲ့ ဖွဲ့ခွင့်မရှိဟုဆိုကာ ကွန်ဒို သာယာရေးအဖွဲ့၏ ဆောင်ရွက်ချက်များအား အသိအမှတ်ပြုခြင်း မရှိသဖြင့် ပြဿနာ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

''ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ ကွန်ဒိုသာယာရေးအဖွဲ့တွေဆိုတာ နားလည်မှုနဲ့ ဖွဲ့ထားကြပေမယ့် ကျွန်တော်တို့ ကွန်ဒိုသာယာရေးအဖွဲ့က အစိုးရအဖွဲ့ အသိအမှတ်ပြု တရားဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။ ရန်ကုန်တစ်မြို့လုံးမှာ ဌာနဆိုင်ရာ တရားဝင် ဖွဲ့ပေးထားတာလည်း ကျွန်တော်တို့ တစ်ဖွဲ့ပဲ ရှိတာပါ။ ရန်ကုန်မြို့မှာရှိတဲ့ ကွန်ဒိုသာယာရေးအဖွဲ့တွေဆိုတာ ကွန်ဒိုဝယ်ပြီး နေတဲ့သူတွေ ရေ၊ မီး၊ သာရေး၊ နာရေး၊ လုံခြုံရေးကိစ္စတွေ အဆင်ပြေအောင် နားလည်မှုနဲ့ ဖွဲ့ထားကြတာပါ။ ဒီလို အစိုးရက ဖွဲ့ပေးထားတဲ့ ကျွန်တော်တို့အဖွဲ့ကို မြေရှင်က တရားမ၀င် ပါဘူးဆိုပြီး လက်မခံပါဘူး၊ နောက်ပြီး ကျွန်တော်တို့အဖွဲ့အနေနဲ့ ကွန်ဒိုသာယာရေးအတွက်လုပ်တဲ့ သာရေး၊ နာရေးကိစ္စတွေမှာလည်း အနှောင့်အယှက် ပေးရုံမကဘူး၊ အများပိုင် မီးစက်ကို သိမ်းတာ၊ ပေါက်နေတဲ့ရေစင်ကို ဖာခွင့်၊ အသစ်လဲခွင့် မပေးတာ၊ အရေးပေါ်လှေကား ကျိုးပဲ့ပျက်စီးနေတာကို ပြင်ခွင့်မပေးတာ၊ အရေးပေါ် ထွက်ပေါက်တွေကို သော့ခတ်ထားတာ၊ သူပိုင်လို့ အငှားချထားတဲ့ တိုက်ခန်းတွေရဲ့ အခွန်ငွေတွေကို သူကသိမ်းပြီး ဒီတိုက်ခန်းတွေရဲ့ ရေ၊ မီး ကိစ္စတွေကို သာယာရေးအဖွဲ့ရဲ့ ငွေနဲ့ ဆောင်ရွက်နေရတာတွေ ကြုံနေရ ပါတယ်''ဟု ဓနလှိုင် ကွန်ဒိုသာယာရေး ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောသည်။
ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်းအချို့ (ဗဟန်းမြို့နယ်ရှိ ယုဇနတာဝါ)
ကွန်ဒိုတိုက်ခန်းများတွင် နေထိုင်သူများအနေဖြင့် အလားတူ ဖြစ်ရပ်များအပြင် အထပ်မြင့် အဆောက်အအုံများဖြစ်သဖြင့် အတက်အဆင်းတွင် အရေးပါသော ကွန်ဒိုပါ ဓာတ်လှေကား၏ ဟောင်းနွမ်းမှုနှင့် ကွန်ဒိုတာဝန်ရှိသူ များ၏ ဂရုတစိုက် ပြုပြင်ပေးမှု မရှိခြင်းကြောင့် ဓာတ်လှေ ကားအတွင်း ပိတ်မိခြင်း၊ ဓာတ်လှေကားတံခါး အဖွင့်အပိတ်မရခြင်း စသည့် ဖြစ်ရပ်များလည်း ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

''ကျွန်တော်တို့ကွန်ဒိုမှာ မိသားစု ၄၈ စုရှိပြီး လူပေါင်း၂၀၀ ကျော် နေပါတယ်။ ဓာတ်လှေကား ၂ စင်းရှိပေမယ့် မီးပျက်ပြီဆိုရင် ဓာတ်လှေကားထဲ ပိတ်မိတာမျိုး ခဏခဏ ကြုံရပါတယ်''ဟု ကွန်ဒိုတစ်ခုတွင် နေထိုင်သူ ဦးကျော်ထွဋ်ဆွေက ပြောသည်။

ရန်ကုန်မြို့ရှိ ကွန်ဒိုအချို့တွင်မူ ကွန်ဒိုတိုက်ခန်းတွင် နေထိုင်သူများ နေထိုင်မှု အဆင်ပြေစေရန် ကွန်ဒိုသာယာရေးအဖွဲ့ကဲ့သို့ အဖွဲ့မျိုးရှိရာ အချို့မှာ အဆင်ပြေသော်လည်း၊ အချို့မှာမူ ငွေရေးကြေးရေး ကိစ္စရပ်များအပါအ၀င် လုပ်ဆောင်မှုအချို့တွင် အခန်းပိုင်ရှင်များနှင့် သဘောထား မတိုက်ဆိုင်သည့် ကိစ္စမျိုးများလည်းရှိကြောင်း သိရသည်။
''ဒီလိုပြဿနာတွေက ကွန်ဒိုဥပဒေပေါ်လာရင် ပြီးသွားမှာပါ။ နောက်ပြီး ကွန်ဒိုဥပဒေ ပေါ်လာတဲ့အတွက် မြေရှင်နဲ့ ကန်ထရိုက်တာတွေ ထင်ရာမြင်ရာ စည်းကမ်းထုတ်တာ၊ စံသတ်မှတ်ချက်မရှိဘဲ အဆောက်အအုံ ဆောက်ချင်သလို ဆောက်တာမျိုးတွေ၊ နှုတ်ဖျားသတ်မှတ်ဈေးတွေ ရှိနိုင်တော့မှာ မဟုတ်ပါဘူး''ဟု လိုင်စင်ရ ကန်ထရိုက်တာတစ်ဦးက သုံးသပ်ပြောကြားသည်။

၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှစတင်၍ ကွန်ဒိုအမည်တပ်ရောင်းချလာသည့် မြန်မာနိုင်ငံရှိ ကွန်ဒိုအများစုမှာ မြေနေရာအနေအထား၊ အခန်းကျယ်ဝန်းမှု၊ ဓာတ်လှေကားပါဝင်မှု၊ အခန်းအလှဆင်မှုတွင် သာမန်ပြင်ဆင်မှုများဖြင့်သာ ကွန်ဒိုအမည်ခံ ရောင်းဝယ်ခဲ့ခြင်းဖြစ်၍ . . .
ရန်ကုန်မြို့၏ ကွန်ဒိုဈေးကွက်တွင် မြေနေရာအနေအထား၊ အချက်အချာကျသော နေရာတွင် ရှိမှု၊ ပတ်ဝန်းကျင်အနေအထားနှင့် တိုက်ခန်းပြင်ဆင်မှု အနေအထားကိုလိုက်၍ ကွန်ဒိုတိုက်ခန်း တစ်ခန်းလျှင် အနိမ့်ဆုံး ကျပ် သိန်း ၄၀၀ ခန့်မှ ကျပ်သိန်း ၁၀၀၀၀ အထိ ဈေးနှုန်းရှိနေပြီး အငှားဈေးကွက်တွင် ကျပ်သုံးသိန်းမှ ကျပ်သိန်း ၅၀ အထိ ဈေးနှုန်းရှိနေသည်ဟု အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများမှ စုံစမ်းသိရပြီး အဆိုပါ နှုန်းထားများမှာ နိုင်ငံတကာ အဆင့်မီ စံချိန်စံညွှန်းနှင့် မကိုက်ညီဘဲ မြေပိုင်ခွင့်၊ ပေါင်နှံခွင့်၊ မရသည့်အပြင် တိုက်ခန်းအတွင်း ၀န်ဆောင်မှု မှာလည်း အားနည်းချက်များရှိနေသဖြင့် ဈေးနှုန်းကြီးမြင့်သည်ဟု သုံးသပ်နိုင်ကြောင်း သိရှိရပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရေးဆွဲနေသော စုပေါင်းပိုင် အဆောက်အအုံ ဥပဒေမူကြမ်းတွင် ကွန်ဒိုဝယ်ယူသူများ၏ ပိုင်ဆိုင်မှု၊ လွဲပြောင်းမှုများနှင့် စပ်လျဉ်းသည့် အခွင့်အရေး ပေးထားသော ပြဋ္ဌာန်းချက်များအပြင် ယင်းတို့နှင့် ဆက်စပ် အငြင်းပွားမှုများ မဖြစ်ပွားရန် တရားဝင် ခိုင်မာ သည့်အချက်များ ပါဝင်ရေးဆွဲနေပြီး၊ အဆိုပါဥပဒေ ပြဋ္ဌာန်းပြီးပါက ကွန်ဒိုဝယ်ယူသူများအနေဖြင့် ခိုင်မာသော ပိုင်ဆိုင်မှုနှင့် အာမခံချက် ရယူနိုင်ခြင်း၊ မြေနေရာ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်နိုင်ခြင်း၊ ဘဏ်တွင် အပေါင်ထား၍ ငွေချေးယူနိုင်ခြင်းစသည့် နည်း ဥပဒေများ ပါဝင်လာမည်ဖြစ်ကြောင်း အောက်တိုဘာလအတွင်း ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားခဲ့သည်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှ စတင်၍ ကွန်ဒိုအမည်တပ် ရောင်းချလာသည့် မြန်မာနိုင်ငံရှိ ကွန်ဒိုအများစုမှာ မြေနေရာ အနေအထား၊ အခန်း ကျယ်ဝန်းမှု၊ ဓာတ်လှေကား ပါဝင်မှု၊ အခန်းအလှဆင်မှုတွင် သာမန်ပြင်ဆင်မှု များဖြင့်သာ ကွန်ဒိုအမည်ခံ ရောင်းဝယ်ခဲ့ခြင်းဖြစ်၍ ကွန် ဒိုမီနီယံဥပဒေ အတည်ပြုနိုင်ပြီး သတ်မှတ်စံချိန်စံညွှန်းများဖြင့် ဆောက်လုပ်ရောင်းဝယ်မည်ဆိုပါက မြန်မာနိုင်ငံရှိ အဆင့်မမီကွန်ဒိုများ၏ ဈေးနှုန်းများ ကျဆင်းသွားနိုင်ကြောင်း သိရှိရပါသည်။
''နိုင်ငံတကာမှာ ကွန်ဒိုတိုက်ခန်းတွေကို ဟိုတယ်တွေလိုပဲ ကြယ်ပွင့်အဆင့် သတ်မှတ်ပြီး အကောင်းဆုံး ဇိမ်ခံနိုင်အောင်၊ ဈေးနှုန်းမြှင့် ရောင်းနိုင်အောင် ဆောက်ကြတယ်။ မြေပိုင်ခွင့်ရတယ်၊ ဘဏ်မှာ ပေါင်ခွင့်ရှိတယ်၊ မြန်မာနိုင်ငံမှာ အဆိုးဆုံး ကွန်ဒိုက ကွန် ဒိုအမည်တပ်ပြီး ဟောလ်တိုပ်(က်) ဖြစ်နေတာပါပဲ၊ ကွန်ဒိုဆိုတာနဲ့ အခန်းဖွဲ့ပြီး အဆင့်မြင့် ပြင်ပြီးဖြစ်ရပါမယ်''ဟု ရေသန့်နှင့် အဆောက်အအုံပညာရှင် ဦးနိုင်ထွန်းက ပြောသည်။ မြန်မာနိုင်ငံတွင် စုပေါင်းပိုင် အဆောက်အအုံ ဥပဒေ အတည်ပြုနိုင်ရေးအတွက် ဥပဒေမူကြမ်းအား ၂၀၁၁ခုနှစ် အောက်တိုဘာလအတွင်း ပြည်သူလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီး စုပေါင်းပိုင် အဆောက်အအုံ ဥပဒေအား ယခုနှစ်အတွင်း အတည်ပြု ပြဋ္ဌာန်းနိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား နေပြည်တော်တွင် ၂၀၁၂ခုနှစ် ဧပြီလလအတွင်း ထပ်မံကျင်းပခဲ့ကြောင်း သိရှိရပါသည်။           
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )