22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, December 22, 2011

Peace Child

အင်ဒိုနီးရှားပိုင် ကျွန်းစုလေးများထဲမှ ကျွန်းလေးတစ်ကျွန်း။ ထိုကျွန်းပေါ်တွင် ဆာဝီ လူမျိုးတို့သည် မြစ်ရိုးတစ်လျောက် အစုအဖွဲ့ကလေးများဖွဲ့ကာ နေထိုင်ကြသည်။ အုပ်စုတစ်စုနှင့် တစ်စုမှာလည်း အမြဲတစ်စေ ရန်ဖြစ်တိုက်ခိုက်ကြသည်။ ထိုသို့တိုက်ခိုက်သည့် အခါတိုင်း အနိုင်ရသော ဆာဝီတို့သည် ရှုံးနိမ်သွားသော ရန်သူ၏ဦးခေါင်းကို ဖြတ်ပြီး ဦးနှောက်ကို ဖောက်စားသည်။ ပြီးလျင် ဦးခေါင်းခွံကို ခေါင်းအုံးအဖြစ် အသုံးချသည်။ အမျိုးသမီးများက ခေါင်းဖြတ်သတ်ခံရသူတို့၏ အရိုးများကို သိမ်းထားတတ်သည်။ ဆာဝီတို့သည် ထိုသို့ လူသားကိုစားရခြင်းမှာ အစာအဖြစ် လိုအပ်လွန်း၍ စားသောက်ခြင်းမျိုးမဟုတ် ။ အခြားသော သီးနှံများ၊ ပေါင်မုန့်များကို ဆာဝီတို့ စားကြသည်။ ဦးခေါင်းဖြတ်ရခြင်းမှာ ရန်သူတို့အား အင်အားပြလိုခြင်း နှင့် မိမိတို့သာလျင် စွမ်းအားရှိသူများ ဖြစ်ကြောင်းကို ပြလိုခြင်းဖြစ်သည်။
ထို့ပြင် ဆာဝီတို့သည် သစ္စာဖောက်ခြင်းကို အလွန်အမင်း ဂုဏ်ယူတတ်ကြသည်။ အုပ်စုတစ်စုမှ ဆာဝီတစ်ယောက်သည် ရန်ဘက်အုပ်စုမှ အခြားဆာဝီတစ်ယောက်ကို အစားအသောက်များပေးကာ သူငယ်ချင်းအဖြစ် မိတ်ဖွဲ့သည်။ ရန်သူဖြစ်သူ သူငယ်ချင်း မရိပ်မိအောင် မိတ်ဆွေအဖြစ် ဟန်ဆောင်ကာ နေထိုင်သည်။ အချိန်အတော်ကြာ၍ တဖက်သားမှ ချွင်းချက်မရှိ ယုံကြည်လာသောအခါ မထင်မှတ်သောအချိန်တွင် ခေါင်းကို ဖြတ်ကာ သတ်ကြသည်။ အငိုက်မိသွားသော ရန်သူဘက်မှ ဆာဝီ၏ ဦးခေါင်းကို ယူကာ မိမိရွာကိုပြန်လာလျင် ထိုဆာဝီသည် အကြီးအကျယ် ဂုဏ်ပြုခြင်းကို ခံရသည်။ သို့ကြောင့်ပင်လျင် ဆာဝီတို့သည် အုပ်စုတစ်စုနှင့်တစ်စု တို့အကြား အယုံအကြည်မရှိကြ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သာသနာပြု ဆရာ Don Richardson သည် ဆာဝီတို့ အကြောင်းကို ကြားထားပြီး ဖြစ်သည်။ ထိုသို့သော ရိုင်းစိုင်းရက်စက်သည့် လူမျိုးစုများကြားတွင် အဘယ်ကဲ့သို့ သာသနာပြုရမည်ကို စဉ်းစား၍မရ။ ဆရာသည် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံမှ ခွန်းအားများကို တောင်းခံသည်။ ကြောက်ရွံ့  စိတ်များ ပယ်ဖျက်ကာ ရဲရင့်စိတ်များ မွေးသည်။ ဇနီးဖြစ်သူကလည်း အားတက်သရော် လိုက်ပါ၍ သာသနာပြုမည် ဆိုသောကြောင့် ဆရာသည် သခင်၏ အမှုတော်မြတ်ကို ကျေပွန်စွာထမ်းရန် သံဓိဋ္ဌာန်ကို ပြတ်ပြတ်သားသား ချမှတ်လိုက်သည်။
ဆရာသည် ဇနီးသည်နှင့် အတူ ကျွန်းစုများရှိရာသို့ ခရီးနှင်ခဲ့သည်။ ကျွန်းပေါ်သို့ ရောက်လျင် မြစ်ရိုးတစ်လျောက် မော်တော်ဖြင့် ခရီးဆက်သည်။ မော်တော်သံကြားသော ဆာဝီတို့သည် ကြောက်လန့်သဖြင့် နီးစပ်ရာ တောအုပ်ကလေးများတွင် ပုန်းအောင်းလိုက်ကြပြီး ပုန်းအောင်းနေရာအသီးသီးမှ ပြူတစ်ပြူတစ်နှင့် ကြည့်နေသည်။ မော်တော်ရပ်သွားသောအခါမှ ဆာဝီတို့သည် ဆရာတို့ မိသားစုရှိရာ မော်တော်သို့ ၀ိုင်းလာကြပြီး စပ်စုကြသည်။ သူတို့နှင့် အတူ လာရောက်နေထိုင်မည် ဆိုသောအခါ ၀မ်းပန်းတသာ ကြိုဆိုကြသည်။ ဆာဝီတို့သည် ဆရာတို့မိသားစု နေထိုင်ရန် မြေလွတ်တစ်ခုကို ရှင်းပေးပြီး တဲအိမ်ကလေးဆောက်ပေးသည်။ ဆရာတို့မိသားစု အခြေကြသည်အထိ အုပ်စုတစ်စုလုံးက ဖေးမကူညီကြသည်။
ဆရာတို့မိသားစုသည် ဆာဝီတို့၏ ဖော်ရွေမှုကို ကြည့်ပြီး ထိတ်လန့်နေကြသည်။ ဆာဝီတို့သည် သစ္စာဖောက်ခြင်း အမှုကို ဂုဏ်ယူကြပြီး၊ ကျွမ်းကျင်ကြသည် မဟုတ်ပါလား။ မတော်လျင် မထင်မှတ်သော အချိန်၌ ခေါင်းကို ဖြတ်လိုက်လျင်ဖြင့် ......။ ဆရာ ဆက်ပြီး မတွေးဝံ့တော့။ အရာအားလုံး ဘုရားရှင်ထံ အပ်နှံလိုက်သည်။ လပေါင်းအတော်ကြာ နေထိုင်၍ နေသားကြလာသောအခါ ဆာဝီတို့သည် မိမိတို့အား ရန်သူအဖြစ် မသတ်မှတ်ကြောင်း တဖြည်းဖြည်းသိလာသည်။ ဆရာ နှင့် မိသားစုသည် ဆာဝီတို့အတွက် ဆေးဝါးကုသပေးသည် ။ လိုအပ်သော သံထည် အသုံးအဆောင် ပစ္စည်းများကို မှာယူပေးသည်။ ဆာဝီတို့သည် ဆရာတို့မိသားစုနှင့် ပိုမိုချစ်ခင်ရင်းနှီးလာသည်သာမက လေးလည်းလေးစားလာကြသည်။
ဆရာသည် ဆာဝီတို့ ဘာသာစကား နှင့် ဓလေ့ထုံးစံကို ကြိုးစားသင်ယူသည်။ စကားအတန်ငယ်ပေါက် သောအခါ ခရစ်တော်၏ သတင်းစကားကို ဝေငှသည်။ ခရစ်တော်သည် လူသားအားလုံး၏ အပြစ်များကယ်ချွတ်ရန် ဤကမ္ဘာမြေသို့ လာရောက်ကာ အသက်ပေးကြောင်းကို သင်ကြားသည်။ ဘယ်လောက်ပင် အာပေါက်အောင် ပြောသော်လည်း ဆာဝီတို့ သဘောမပေါက်ကျ။ ဆာဝီတို့သည် တလွဲဆံပင် ကောင်းကြသည်။ ခရစ်တော်၏ အသေခံခြင်း အစား ယုဒ ရှကာယုတ်၏ သစ္စာ ဖောက်ခြင်း အကြောင်းကို ပိုမိုစိတ်ဝင်စားကြသည်။ ခရစ်တော်ကားတိုင် တင်ရခါနီး ယုဒရှကာယုတ်မှ သစ္စာဖောက်တော့မည်အကြောင်း ရောက်လာလျင် မျက်တောင်မခတ် စိတ်ဝင်စားစွာ နားစိုက်ကြသည်။ ထိုအခန်းရောက်လာလျင် ဆရာပြောသော စကားတစ်လုံးစီ၊ တစ်လုံးစီတိုင်းကို မလွတ်တမ်း နားထောင်သည်။ ယုဒရှကာယုတ်မှ ခရစ်တော်အား သစ္စာဖောက်အနမ်း ပေးသောအခါ အားလုံးက လက်ခုပ်လက်ဝါးတီးကား သောင်းသောင်းဖြဖြအားပေးကြသည်။ ခရစ်တော်အစား ယုဒရှကာယုတ်ကို သူရဲကောင်းလို့ သတ်မှတ်ကြသည်။ ဆရာသည် သေချင်စော်ပင် နံသွားသည်။ ဒီလူမျိုးစုကို ဧ၀ံဂလိ သတင်း ဘယ်လိုပြောရပါ့။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

များမကြာမှီ အချိန်၌ မြစ်ညှာထက်မှ ဆာဝီအုပ်စုသည် ဆရာတို့၏ အုပ်စုကို လာရောက်တိုက်ခိုက်သည်။ ရက်ပေါင်းအတော်ကြာအောင်ပင် ထိုအုပ်စုနှစ်စုသည် သတ်ကြဖြတ်ကြသည်။ သွေးထွက်သံယိုမှုများ၊ သေကြေမှုများမှာ မြင်မကောင်းအောင် ဖြစ်သည်။ ဆရာသည် ထိုအဖြစ်အပျက်များကြောင့် အလွန်စိတ်မကောင်းဖြစ်သည်။ တိုက်ခိုက်ရန်ဖြစ်နေမှုများကို ဆရာ ကြာရှည်စွာ သည်းမခံနိုင်တော့။
"မင်းတို့ တိုက်ခိုက်နေကြတာ ရပ်တန်းကမရပ်ရင် ဆရာ အခုပဲ ပြန်တော့မယ်။"
ထိုသို့ ဆရာက ပြောလိုက်တော့ သူတို့ အကြောက်သား။ ဆရာတို့ မိသားစုရှိနေခြင်းသည် သူတို့အတွက် ဂုဏ်သရေတစ်ရပ်ပင်ဖြစ်သည်။ ဆရာတို့ ထံမှလည်း ဆေးဝါးကအစ သံထည်အသုံးဆောင် ပစ္စည်းအဆုံး အကူအညီ ရနေသည်မဟုတ်ပါလား။ အုပ်စုခေါင်းဆောင်သည် ဆရာ့စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်သည်။
"ဆရာ။ ကျွန်တော်တို့ အတိုက်အခိုက် ရပ်ပြီး ငြိမ်းချမ်းရေး ယူလိုက်ပါ့မယ်"
ဆရာ အတော်ပင် ၀မ်းမြောက်သွားသည်။ မိမိစကားကိုတော့ အလေးတယူ နားထောင်ကြပေသားပဲ။
နောက်တနေ့ နံနက်လင်းသော် အုပ်စုနှစ်စုမှ တိုက်ခိုက်ရေးတပ်သားများက တစ်ဖက်တစ်ချက်စီ တန်းစီလိုက်သည်။ ထိုစီတန်းနေသော တန်းနှစ်တန်းသည် မျက်နှာချင်းဆိုင်ကာ ရပ်လိုက်ကြသည်။ ဆရာ့ဘက်မှ အုပ်စုခေါင်းဆောင်သည် သူ၏ မွေးကင်းစကလေးငယ်ကို ဇနီးဖြစ်သူထံမှ ပွေ့ချီလိုက်သည်။ ထိုသို့ ယူလိုက်သည်နှင့် ဇနီးဖြစ်သူသည် မြေကြီးပေါ်သို့ လှဲချလိုက်ပြီး ဆောက်တည်ရာမဲ့ လူးလိမ့်ကာ ငိုကြွေးတော့သည်။
ခေါင်းဆောင်ဖြစ်သူသည် သားငယ်ကို ရင်ဝယ်ပိုက်လျက် သူ၏ တပ်သားများရှေ့ မှ တစ်လှမ်းခြင်းစီ လျှောက်လှမ်းသွားသည်။ သူ့တပ်သားများ တစ်ယောက်ပြီးတစ်ယောက် ကလေးငယ်ကို လက်များဖြင့် တို့ထိကြသည်။ ပြီးမှ ခေါင်းဆောင်ဖြစ်သူသည် ရန်သူတပ်သားများတန်းစီရာသို့ လျှောက်သွားပြီး ရန်သူ့ခေါင်းဆောင်ဆီသို့ ချဉ်းကပ်သွားသည်။ ရန်သူ့ခေါင်းဆောင်ကို စေ့စေ့ကြည့်လိုက်ပြီး မိမိရင်ခွင်ထဲမှ သားငယ်ကို ရန်သူ့ခေါင်းဆောင်လက်သို့ ဆို့နင့်စွာ အပ်နှံလိုက်သည်။
ရန်သူ့ခေါင်းဆောင်သည် ကလေးငယ်ကို လက်ခံယူလိုက်ပြီး သူ၏ တပ်သားများရှေ့ မှ လျောက်လှမ်းသည်။ ရပ်သူတပ်သားများ အသီးသီးက ကလေးငယ်ကို လက်ဖြင့် တို့ထိကြသည်။ ရုတ်တရက် ရန်သူအုပ်စု တစ်ခုလုံး ကျောပေးလှည့်လိုက်ကြပြီး ကလေးငယ်ကို ယူဆောင်ကာ တောအုပ်များ အတွင်းသို့ ၀င်ရောက်ပျောက်ကွယ်သွားသည်။
ဆရာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီး သူ၏ အုပ်စုခေါင်းဆောင်ကို မေးလိုက်သည်။
"ဒါက ဘယ်လိုသဘောလဲ ခေါင်းဆောင်ကြီး"
"ကျွန်တော့်ရဲ့ သားကို ငြိမ်းချမ်းရေးကိုဆောင်တဲ့သူငယ် အဖြစ် ပေးအပ်လိုက်တာပါ။ ကျွန်တော့်ရဲ့ သားဟာ ရန်သူ့လက်ထဲမှာ အသက်ရှင်နေသ၍ ကာလပတ်လုံး ကျွန်တော်တို့ အုပ်စုနှစ်စု ရန်မဖြစ်ကြပါဘူး။ ကျွန်တော့်ရဲ့သားကို တစ်စုံတစ်ယောက်က သတ်ရင်လည်း အဲဒီ သတ်တဲ့သူကို အသေသတ်ရပါတယ်။"
ဆရာသည် ခေါင်းဆောင်ဖြစ်သူမှ ရှင်းပြသည်ကို နားထောင်လိုက်ပြီး အနည်းငယ်စဉ်းစားလိုက်သည်။ ပြီးမှ ဦးခေါင်းထဲမှ အကြံတစ်ခုသည် ရုတ်တရက် ရလိုက်သည်။
တစ်နေ့တွင် ဆရာသည် ဆာဝီတို့အား လူစုလိုက်ပြီး ကောင်းကင်နိုင်ငံနှင့် ဤလောကတို့ ဆင်နွဲနေသည် စစ်ပွဲအကြောင်းကို ပြောပြလိုက်သည်။ ကောင်းကင်မှ ခမည်းတော်သည် တစ်ဦးတည်းသော သားဖြစ်သူ ခရစ်တော်အား "ငြိမ်းချမ်းရေး သူငယ်" အဖြစ် စေလွှတ်လိုက်ပြီး လူ နှင့် ဘုရားတို့ အကြား ငြိမ်းချမ်းရေးကို ပြန်လည် တည်ဆောက်စေခြင်းအကြောင်းကို ဝေငှလိုက်သည်။ ထိုအခါမှ ဆာဝီတို့သည် ခရစ်တော်၏ အကြောင်းကို သဘောပေါက်သွားကြသည်။ ထို့ နောက်ပိုင်းတွင် ဆာဝီတို့သည် ခရစ်ယာန်များဖြစ်လာကြပြီး ဆာဝီတို့ဘာသာဖြင့် ဓမ္မသစ်ကျမ်း ပေါ်ထွက်လာသည်။ ဆာဝီတို့သည် ကြီးမားလှသော အဆောက်အအုံကြီး တစ်ခုကို တည်ဆောက်လိုက်ကြပြီး အသင်းတော် အဖြစ် သတ်မှတ်လိုက်သည်။ ထိုအချိန်ထဲက ချလိုက်သော ဧ၀ံဂေလိမျိုးစေ့သည် ယခုထက်အထိ ရှင်သန်နေဆဲပင် ဖြစ်သတည်း။
အကြောင်းမူကား၊ ငါတို့အဘို့သူငယ်ကို ဖွားမြင်၏။ ငါတို့အားသားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်။
ဟေရှာရအနာဂတ္တိ ၉း၆
မှတ်ချက်။ ။
Don Richardson ၏ သာသနာပြုဆိုင်ရာ အတွေ့အကြုံ စာအုပ် ဖြစ်သည့် "Peace Child" မှီငြမ်းပါသည်။
နာမတော်မြတ်၌
လှမင်းသူ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )