22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

ရေတပ်မှ သိမ်းထားသော နယ်မြေ ဖြတ်သန်းလျှင် ပစ်ခတ်မည်ဟု သတိပေး

ဓည၀တီ ရေတပ်စခန်းမှ ပြည်သူများပိုင်သော မြေကို သိမ်းယူသည်သာမက ယခုအခါ ၎င်းမြေပေါ်သို့ တက်ရောက်သူ မည်သူကို မဆို (ကျွဲ၊နွားများ ) အပါအ၀င် ပစ်ခတ် ဖမ်းဆီးမည်ဟု အမိန့်ထုတ်ထားကြောင်း ကျောက်ဖြူ ဒေသခံများက ပြောသည်။

ဧက ၁၀၀ ခန့်ရှိသော ကျောက်ဖြူမြို့နယ် ကလန်းတဲ ကျေးရွာအုပ်စုမှ လယ်သမားများ စုပေါင်း ပိုင်ဆိုင်သော စားကျက်မြေကို သိမ်းယူပြီး ၁၀ နှစ်ခန့်အကြာတွင် ယခုကဲ့သို့ အမိန့်ထုတ်လာခြင်း ဖြစ်သည်။

" ကျွန်တော်တို့ ကလန်းတဲ ကျေးရွာအုပ်စုမှာ အထက်တောလို့ခေါ်တဲ့ နွားစားကျက် ပြင်ကြီး တစ်ပြင် ရှိပါတယ်။ အဲဒီကွင်းပြင်ကို ဓည၀တီ ရေတပ်စခန်းက သိမ်းယူပြီးတော့ တချို့မြေကွက်တွေမှာ ခြံကာပြီး မြေပဲစိုက် ထားပါ တယ်။ အကောင်းဆုံး မြေနေရာတွေမှာတော့ သီဟိုဠ်ပင်တွေ စိုက်ထားပါတယ်။ အခု တိုင်းပြည် အခြေအနေ ကောင်းလာပြီဆိုတော့ ဒေသခံ ပြည်သူတွေက နွားစာကျက်ကို ပြန်တောင်းလာတော့ အခုလို အမိန့်ထုတ်လာတာ ဖြစ်ပါတယ်" ဟု ဒေသခံ လူကြီး တစ်ဦးက ပြောပါသည်။

ရေတပ်မှ သေနတ်ဖြင့် ပစ်ခတ်မည်ဟု အမိန့်ထုတ်ထားသဖြင့် ကျွဲနွားများကို လွှတ်ပြီး မွေးမြူလေ့ရှိသော အဆိုပါ ဒေသတွင် တောင်သူများ အခက်ကြုံနေရပုံကို သူက ယခုလို ပြောသည်။

" ရေတပ်က မသိမ်းခင်ကဆိုရင် တစ်အုပ်စုလုံးက နွားတွေဟာ အဲဒီ နေရာမှာဘဲ စားသောက် ကြရတယ်။ သူတို့ သိမ်းပြီးတဲ့ အချိန်မှာလည်း ကျွဲနွားတွေကို အဲဒီ စာကျက်မှာ ကျောင်းလို့ ရပါသေးတယ်။ အခု နှစ်တွေအတွင်းမှာ သီ ဟိုဠ်ပင်တွေက ကြီးထွားလာ သလို လူတွေကလည်း စားကျက်ကို ပို အသုံးပြုလာတော့ လုံးဝ ပေးမကျောင်း တော့သလို လူတွေကိုလည်း ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူး။ ကျွန်တော်တို့ ဒေသက နွားတွေကို လွှတ်ပြီး မွေးတဲ့ ဒေသဆိုတော့ အခုလို အမိန့်ထုတ်လာတဲ့ အတွက် နွားတွေကို လိုက်ကျောင်းရတာနဲ့ အဲဒီကွင်းဘက်ကို မသွားဖို့ လိုက်ထိန်းရတာနဲ့ တစ်နယ်လုံး ဒုက္ခ ဖြစ်နေကြရပါတယ်" ဟု သူက ပြောသည်။

အများပြည်သူပိုင် နွားစားကျက်ကို ရေတပ်က သိမ်းယူသွားသဖြင့် ကျွဲနွားစားကျက် မရှိတော့၍ ဒေသခံ ကျွဲနွား မွေးမြူသူများမှာ ယခုအခါ အထူး အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။

ကလန်းတဲ ကျေးရွာအုပ်စုအတွင်း တရွာနှင့်တရွာ သွားလာရာတွင် ယခင်က အဆိုပါ နွားစားကျက် ကွင်းပြင်ကို ဖြတ်သန်းသွားလာခွင့်ရှိသည့်အတွက် အချိန်တိုအတွင်း ရောက်နိုင်သော်လည်း ယခုအခါ ဖြတ် သန်းသွားလာခွင့် ပိတ်ပင်ထားသည့်အတွက် တရွာနှင့်တရွာ သွားလာခွင့်မှာ အချိန်ပိုကြာပြီး သွားနေရသဖြင့် အခက်အခဲများစွာ ဖြစ်နေကြရသည်ဟု ဒေသခံ လူကြီးက ပြောသည်။

ယခုကဲ့သို့ ရေတပ်က ရပ်ရွာသာများ စုပေါင်းပိုင်ဆိုင်သော မြေကို သိမ်းပြီး စိုက်ခင်းများ ချနေသည့် အပေါ် ဒေသခံများက မကျေမနပ် ဖြစ်နေချိန်တွင် အမျိုးသမီး ကိစ္စပါ ပေါ်ပေါက်နေ၍ ကျေးရွာ လူငယ်များ အကြားတွင် ပိုမို မကျေနပ်မူများ ပေါ်ပေါက်နေကြောင်း ဒေသခံ လူငယ်တစ်ဦးကလည်း ပြောသည်။

" ဒီလို မကျေနပ်မှုတွေ တိုးပွားနေတဲ့အချိန်မှာ စစ်တပ်မှ ရဲဘော်တွေက ရွာထဲကိုဝင်ပြီး ရွာထဲက အမျိုးသမီးတွေကို စော်ကားတဲ့ အပြင် တစ်ခြား အကျင့်ပျက် မုဆိုးမတစ်ဦးနဲ့ပါ မဖွယ်မရာတွေ ဖြစ်နေတဲ့ အတွက် ကာလသား (လူငယ်)တွေက မကျေနပ် ဖြစ်နေကြတယ်။ တပ်က ဆိုပြီး အားနဲ့ လုပ်ချင်သလို လုပ်နေတဲ့ အတွက် လူငယ်တွေ အကြားမှာ တစ်နေ့ထက် တစ်နေ့ မကျေနပ်မူတွေ တိုးလာနေပါတယ်။ ပြဿနာဟာလည်း ပိုပြီးတော့ ကြီးထွားလာနေတဲ့ အတွက် လူကြီးတွေက အထက်ကို တိုင်ကြားထားပါတယ်" ဟု ပြောသည်။

ကျေးရွာလူကြီးများက ပြဿ နာ တိုးပွားလာမည်ကို အထူးစိုးရိမ်ပြီး သက်ဆိုင်ရာအာဏာပိုင်များနှင့် စစ်တပ်အရာရှိများကို တိုင်ကြားထား သော်လည်း တစုံတရာ ၀င်ရောက်ဖြေရှင်းပေးခြင်း မရှိသေးဟု ဆိုသည်။

ကျောက်ဖြူ ဓည၀တီ ရေတပ် ဌာနချုပ်သည် ကလန်းတဲ ကျေးရွာ တစ်ခုတွင်သာ မြေသိမ်းသည် မဟုတ်ဘဲ စစ်တောကျေးရွာမှလည်း လယ်သမား ၄၃ ဦးပိုင် လယ်ဧက ၄၀၀ နီးပါးအား ရေတပ် ဆောက်မည်ဟု အကြောင်းပြ သိမ်းဆည်းကာ ယခုအခါ တနှစ်ကို တဧက (၆) တင်းနုန်းဖြင့် လယ်သမားများကို သီးစားချ ဌားရမ်းနေကြောင်း သိရသည်။ 
 မောင်ရမ္မာ(နိရဉ္စရာ)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )