22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 9, 2012

ပိုလန် သရေကျပြီး ရုရှား အနိုင်ရသည့် ဥရောပ ဖလား အုပ်စု(A) အဖွင့်ပွဲစဉ်များ

ဥရောပဖလား အုပ်စု(A) အဖွင့် ပွဲစဉ်များ စတင်ကစား ခဲ့သည့်နောက် အိမ်ရှင် ပိုလန်သည် ဂရိနှင့် သရေကျခဲ့ပြီး ရုရှားကမူ ချက်အသင်းကို ဂိုးပြတ် အနိုင်ရကာ ပွဲဦးထွက် (၃)မှတ် အပြည့် ရရှိသွားပြီ ဖြစ်သည်။

ပိုလန် ၁ - ၁ ဂရိ

အိမ်ရှင် ပိုလန်နှင့် ဥရောပ ချန်ပီယံဟောင်း ဂရိတို့ ပွဲတွင် အိမ်ရှင် အသင်းက ဂိုးစသွင်းသော်လည်း ဂရိက အလျှော့မပေးတမ်း တုံ့ပြန်ရင်း (၁)မှတ် ခွဲယူနိုင်ခဲ့သည်။

ပိုလန်သည် ရောဘတ် လီဝင်ဒေါစကီး၊ လူးကက်စ် ပစ်ဇက်ခ်၊ ကူဘာ ဘလက်ဇီကောစကီး၊ ဝေါ့ဆစ်ခ်ျ ဆက်ဇနီ၊ မာရင် ၀ါဆီလ်စကီ၊ ဒါမိန်းပါးကွက်စ်၊ ဆီဘက်စတီယန် ဘူနစ်ခ်ျ၊ လူဒိုဗစ် အောဘရာနစ်ခ် အစရှိသည့် အဓိက ကစားသမား အစုံအလင်ဖြင့် အိမ်ရှင် ပရိသတ် ရှေ့မှောက်တွင် ပွဲထွက် လာခဲ့သည်။ (၂၀၀၄)ခုနှစ်၊ ဥရောပ ချန်ပီယံ ဂရိအသင်းကလည်း ဗက်ဆီလက်စ် တိုရိုဆီဒစ်၊ အက်ဗရမ် ပါပါဒိုပူးလော့စ်၊ ဂရီဂေါ့ ဆာမာရက်စ်၊ ဖာနစ်ဂီကက်စ်၊ ကော့စ်တက်စ် ကာဆိုရာနစ် အစရှိသည့် စားသမားများဖြင့် ခင်းကျင်းလာသည်။

ပိုလန်သည် အိမ်ရှင်ပီပီ ဂရိအပေါ် ဖိအားပေး ကစားနိုင်ခဲ့ပြီး တိုက်စစ်မှူး လီဝင်ဒေါစကီး ခြေစွမ်းပြ ထိုးဖောက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ပွဲချိန် (၁၅)မိနစ်တွင် လီဝင်ဒေါစကီးက ပိုလန်အတွက် အဖွင့်ဂိုးကို သွင်းယူသည်။ ညာခြမ်းမှ ဖြတ်တင်ပေးပို့ လိုက်သော ဘောလုံးကို လီဝင်ဒေါစကီးက သပ်ရပ်တိကျသော နေရာယူ ရွေ့လျားမှုဖြင့် မြေထောက် ခေါင်းတိုက် သွင်းယူသွားခြင်း ဖြစ်သည်။ ပိုလန်နိုင်ငံ၊ ၀ါဆောမြို့တော် တစ်ခုလုံးသည် ပရိသတ်များ၏ အော်ဟစ် အားပေးမှုဖြင့် တုန်ဟီးသွားကြောင်း ရုပ်မြင်သံကြားမှ အစီအစဉ် တင်ဆက်သူကပင် ခိုင်းနှိုင်းစကား ပြောဆိုခဲ့သည်။ (၃၅)မိနစ်တွင် ပါကွက်စ် အပိုင်အခွင့်အရေး ရသော်လည်း ဖြုန်းတီးခဲ့သဖြင့် ပိုလန်တို့ ဂိုးပြတ် ဦးဆောင်ခွင့် ဆုံးရှုံးခဲ့ရသည်။ မိနစ်(၄၀)တွင် ဂရိနောက်ခံလူ ဆိုကရေးတက်စ် ပါပါသိုပူးလော့စ် အနီကတ်ဖြင့် ထုတ်ပယ် ခံရသည်။ ပထမပိုင်း အပြီးထိ ပိုလန်က (၁-၀)ဖြင့် အသာစီးယူကာ ပွဲကို ဦးဆောင်ခွင့် ရခဲ့သည်။
ပိုလန် ၁-၁ ဂရိ

ပိုလန်သည် လူအသာ၊ ဂိုးအသာဖြင့် ကစားရသဖြင့် အတန်ငယ် ပေါ့လျော့သွားခဲ့ပြီး ယင်း၏ အကျိုးဆက်ကို ဒုတိယပိုင်း ပြန်စပြီး (၆)မိနစ်တွင် ပေးဆပ် လိုက်ရသည်။ ဂရိ ညာတောင်ပံမှ ဖြတ်တင်သော ဘောလုံးကို ပိုလန်ခံစစ်က ရှင်းထုတ်ရာတွင် ဂိုးသမား ဆက်ဇနီနှင့် နားလည်မှု လွဲသွားသဖြင့် ဂရိအသင်းမှ လူစားဝင် ကစားသမား ဒီမီထရော့စ် ဆယ်လ်ပင်ဂီဒစ်က လွတ်လွတ်ကျွတ်ကျွတ် အနေအထားဖြင့် အကာအကွယ် မဲ့နေသော ဂိုးပေါက်ထဲ ကန်ထည့်သွားခြင်း ဖြစ်သည်။ (၆၈)မိနစ်တွင် လူအင်အား ညီမျှစေမည့် အခွင့်အရေးအဖြစ် ပိုလန် ဂိုးသမား ဆက်ဇနီ ထုတ်ပယ်ခံရသလို ဂရိအသင်း ပင်နယ်တီပါ ကန်ခွင့်ရခဲ့သည်။ ဆယ်လ်ပင်ဂီဒစ်ကို တစ်ဦးချင်းအတွေ့တွင် ခြေထိုးခံ တားဆီးသဖြင့် ဆက်ဇနီ အထုတ်ပယ်ခံရပြီး ရရှိသည့် ပင်နယ်တီကို ဂရီဂေါ်ရစ် ကာရာဂူးနစ် ကန်သွင်းရာ ပိုလန် အရန်ဂိုးသမား ပရီဇမစ်ဆလော တစ်တန် ပုတ်ထုတ် ကာကွယ် သွားခဲ့သည်။ ပွဲပြီးခါနီးတွင် ကာရာဂူးနစ် အခွင့်အရေး တစ်ကြိမ် ရရှိသော်လည်း လွဲချော်သွား သည့်နောက် နှစ်ဖက်စလုံး ဂိုးမသွင်းနိုင်ဘဲ သရေဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။

ရုရှား ၄ - ၁ ချက်

ရုရှားအသင်းနှင့် ချက်အသင်းတို့ တွေ့ဆုံမှုတွင်မူ ရုရှားက ခြေစွမ်း အသာစီးဖြင့် ကစားကာ ဂိုးပြတ် အနိုင်ရရှိ သွားခဲ့သည်။

ရုရှားအသင်းတွင် အင်ဒရီ အက်ရှ်ဗင်၊ အလန်ဒီဇာဂေါ့ဗ်၊ အလက်ဇန္ဒား ကာဇာကော့ဗ်၊ အီဂေါ် ဒီနီဇော့ဗ်၊ ရိုမန်ရှီရိုကော့ဗ်၊ ယူရီဇာကော့ဗ်၊ ဆာဂျီအီဂန်ရှီဗစ် အစရှိသည့် အမာခံ ကစားသမားများ ပါဝင်လာခဲ့သည်။ ချက်အသင်းတွင်မူ ဂိုးသမား ပီတာဆက်ခ်ျအပြင် မီလန်ဘားရို့စ်၊ ဗက်လက်ဗ်ပီလာ၊ တိုမက်စ် ရိုဆစ်စကီး၊ ဂျန်ရီဇက်ခ်၊ ပီတာဂျီရာဆစ်ခ်၊ ဂျရိုဆလက်ဗ် ပလာဆီ၊ မိုက်ကယ် ကက်ဒ်လက် အစရှိသော ကစားသမားများဖြင့် ပွဲထွက် လာခဲ့သည်။
ရုရှား ၄-၁ ချက်

ယခုပွဲတွင် ရုရှားသည် တိုက်စစ်ကို အချိတ်အဆက်မိမိ ဖော်ဆောင် နိုင်ခဲ့သည်ကို တွေ့ရပြီး ချက်နောက်တန်း၏ အားနည်းချက် များကြောင့်လည်း ဂိုးပြတ်သွားခြင်း ဖြစ်သည်။ ပွဲချိန် (၁၅)မိနစ်တွင် ရုရှားအသင်း ဂိုးစရသည်။ ကာဇာကော့ဗ် ခေါင်းတိုက်သော ဘောလုံး တိုင်ထိထွက် လာသည်ကို ဒီဇာဂေါ့ဗ်က အပြင်း ကန်သွင်းသွားခြင်း ဖြစ်သည်။ ထို့နောက်တွင် ကွင်းထဲသို့ မီးရှူးတစ်ခု ပစ်သွင်းထားသဖြင့် ဒိုင်လူကြီး ဟောင်းဝပ်ဝက်ဘ်က ပွဲကို ခေတ္တ ရပ်နား ခဲ့ရသေးသည်။ ပွဲချိန် (၂၄)မိနစ်တွင် ရုရှားအသင်း ဒုတိယဂိုး သွင်းယူသည်။ အသင်းခေါင်းဆောင် အက်ရှ်ဗင် ထိုးပေးလိုက်သော ဘောလုံးကို ချက်နောက်တန်း တားဆီးရန် ပျက်ကွက်ခဲ့ သဖြင့် ရှီရိုကော့ဗ်က ဆက်ခ်ျနှင့် အတွေ့တွင် အနီးကပ် ကျော်ကန် သွင်းယူခဲ့ခြင်း ဖြစ်သည်။

ဒုတိယပိုင်း ပြန်စပြီး (၆)မိနစ်တွင် ချက်အသင်း (၁)ဂိုး ပြန်သွင်းသည်။ ကွင်းလယ်မှ ဂျီရိုဆလက်ဗ် ပလာဆေး ထုတ်ပေးလိုက်သော ဘောလုံးကို ပီလာက ဂိုးသမားကိုပါ လိမ်ခေါက်ပြီး သွင်းယူခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရုရှားကပင် ဘောလုံးပိုင်ဆိုင်မှုကို အသာစီးယူ ဆက်လက် ကစားကာ (၇၉)မိနစ်တွင် တတိယဂိုးကို ရယူခဲ့သည်။ ရိုမန် ပက်ဗလျူချန်ကို ခင်းပေးလိုက်သည့် ဘောလုံးအား ဒီဇာဂေါ့ဗ်က အပြင်း ကန်သွင်းသွားခြင်း ဖြစ်သည်။ ရုရှားအတွက် အပိတ်ဂိုးကို (၈၂)မိနစ်တွင် ပက်ဗလျူချန်ကိုက ရယူပေးခဲ့သည်။ ဧရိယာအတွင်း လူပေးမလို ခြေယောင်ပြရင်း တိုက်ရိုက် ကန်သွင်းသွားခြင်း ဖြစ်သည်။ ပွဲအပြီးတွင် ရုရှားက ဂိုးပြတ် အနိုင်ရပြီး အုပ်စု(A)ကို ဦးဆောင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

Ref: Eurosport
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )