22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, July 21, 2012

အမေရိကန်ရုပ်ရှင်ရုံပစ်ခတ်မှု ၁၂ ဦးသေ

ဒင်းဗား၊ သြရိုရာ ရုပ်ရှင်ရုံ ပစ်ခတ်သတ်ဖြတ်မှုနဲ့ လူထု၏ တုန့်ပြန်ပုံ
နိုင်ငံတကာသာဂိ၊ ဇူလိုင် ၂၁၊ ၂၀၁၂
ဇူလိုင် ၁၉ ၊ ညသန်းကောင်ယံ၊ ရုပ်ရှင်ကားသစ်တခုဖြစ်တဲ့ The Batman, The Dark Knight Rises အထူးပွဲကို ကိုလိုရာဒို၊ ဒင်းဗား၊ သြရိုရာမြို့ကလေးမှာ ပြသတယ်။ အဲသည်မှာ ဂျိန်းဟုမ်းစ်ဆိုတဲ့ အသက် ၂၄ နှစ်အရွယ် တက္ကသိုလ်ကျောင်း ဘွဲလွန်အတန်းကျ လူငယ်တဦးက ရုပ်ရှင်ရုံထဲက လူတွေကို သေနတ်နဲ့ ပစ်သတ်တာ လူ ၁၂ ဦးသေတယ်။ လူ ၆၀ လောက် ဒဏ်ရာရသွားတယ်။ ၅ မိနစ်အတွင်းမှာ တရားခံကို ရဲတွေက ရုပ်ရှင်ရုံအနောက်ဖက် ကားရပ်ကွင်းထဲမှာ ဖမ်းမိတယ်။ လက်နက်ချ အဖမ်းခံတယ်။ အမေရိကန်တပြည်လုံး သောကြာနေ့ မနက်ခင်း၊ ဇူလိုင် ၂၀ နေ့မှာ သတင်းတွေ ပြန့်နှံပြီး တုန်လှုပ်သွားကြတယ်။
သူက လွန်ခဲ့တဲ့ ၂ လကတည်းက လက်နက်ခဲယမ်းတွေ ၀ယ်စုထားတယ်။ ရုံထဲကို သာမန်ပွဲကြည့်သလို ၀င်လာပြီးတော့ အရေးပေါ်ထွက်ပေါ်ကနေ ဖုံးလာလို့ ထွက်ပြောသလို ထွက်သွားတယ်။ တံခါးကို စိထားခဲ့တယ်။ ပြီးတော့ တကိုယ်လုံး ကျည်ကာ သံချပ်ကာဝတ်စုံ ခေါင်းကနေ ခြေဖျားအထိ အနက်ရောင်ဝတ်၊ မျက်ရည်ယိုဗုံး မျက်နှာဖုံးကို တပ်၊ သေနတ် ၄ လက်နဲ့ ပြန်ဝင်လာတယ်။ မျက်ရည်ယိုဗုံးတွေနဲ့ ရုပ်ရှင်ရုံထဲကို ပစ်သွင်းပြီး မီးခိုငွေ့တွေကြား အငိုက်မိသွားတဲ့ ပရိသတ်ကို မည်းမည်းမြင်ရာ ပစ်သတ်တာပဲ။ လူတွေထဲမှာ ၃ လ ကလေးကနေ ၄၅ နှစ် လူကြီးအထိ ထိခိုက်ကုန်တယ်။ ၁၀ ဦး ရုံထဲမှာ ပွဲချင်းပြီး သေတယ်။ နောက် ၂ ဦးက အပြင်မှာ သေတယ်။ ချက်ခြင်း ရဲတွေ၊ မီးသတ်တွေ၊ အရေးပေါ်တွေ ရောက်လာတယ်။ စောင့်ရှောက်မှုပေးတယ်။ သူ့ကို အရှင်ဖမ်းမိပြီးတော့ သူ့အခမ်းကို ၀င်စစ်တော့ သူငှားနေတဲ့ အခမ်းတခုလုံးကို ပေါက်ကွဲအောင် ဗုံးတွေ ထောင်ခြောက်တွေ ဆင်ထားလို့ အတော်ရှင်းရတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော် ၁၉ ၉ ၉  က ကိုလိုရာဒိုမှာ ကော်ကျူဘိုင်းကျောင်း ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ဖူးတယ်။ သည်တခါ အဆိုးဆုံး တခုပဲ။
သြရိုရာမြို့နယ်တခုလုံးသာမက အမေရိကန်တပြည်လုံးက ပြည်သူတွေ ၀မ်းနည်း ကြေကွဲကြတဲ့ နေ့ဖြစ်တယ်။ သမ္မတ အိုဘားမားဟာ မဲဆွယ်ဖို့ ဖလော်ရီဒါကို ရောက်နေတယ်။ ချက်ခြင်း လူထုနဲ့ တိုင်းပြည်ကို မိန့်ခွန်းပြောတယ်။ အစိုးရက အစွမ်းကုန် ဆောင်ရွက် အရေးယူပေးမယ်လို့ ပြောတယ်။ သေဆုံးသူ ဒဏ်ရာရသူတွေအတွက် ၀မ်းနည်းစကား ပြောကြားတယ်။ ၀မ်းနည်းခြင်း တတိုင်းပြည်လုံး အလံတွေ တိုင်ဝက် လွှင့်ထူတယ်။ ဘ၀ရဲ့ လမ်းခုလတ်မှာ ကံဆိုးမိုးမှောင်းကျပြီး ထွက်ခွာရတဲ့အတွက် သံဝေဂစကားပြောတယ်။ တရားစကားပြောတယ်။ ပြည်သူတွေဟာ မိသားစုတွေအဖြစ် တန်ဖိုးရှိတဲ့ အချိန်တွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ရင်ဆိုင်ဖို့ ပြောတယ်။ မဲဆွယ်ပွဲအတွက် ပြိုင်ဖက်သမ္မတလောင်းကို ဝေဖန်တိုက်ခိုက်တဲ့ ထုတ်လွှင့်နေတဲ့ ရုပ်သံကြော်ငြာတွေကို ခေတ္တရုပ်သိမ်းတယ်။ နိုင်ငံရေးတွေကို ဒီနေ့မှာ လုပ်ဖို့ မလိုဘူး၊ ဒါတွေက စောင့်နိုင်ပါတယ်လို့ ပြောလိုက်တယ်။ ပြိုင်ဖက်သမ္မတလောင်းကလည်း ၀မ်းနည်းကြောင်း ထုတ်ပြန်တယ်။ သူ့မဲဆွယ်ရုပ်သံတွေကို နောက်ဆုတ်ပေးလိုက်တယ်။
အဲသည်နေ့ တနေ့လုံးဟာ တပြည်လုံးဟာ ၀မ်းနည်းတဲ့သတင်းတွေ၊ အဲသည်အဖြစ်အပျက်ကို ပြန်လည် သုံးသပ်တဲ့သတင်းတွေ၊ အဲသည်ရဲ့ နောက်ခံအကြောင်းနဲ့ တရားခံအကြောင်း စုံစမ်း လေ့လာ သုံးသပ်တင်ပြတဲ့ သတင်းတွေချည်းပဲ။ မနှစ်တုန်းကလည်း အာရီဇိုးနားမှာ အမတ်မင်း အမျိုးသမီးတဦးကို စိတ္တဇသမားတဦးက ၀င်သတ်လိုက်တာ အမတ်မင်း ဦးနှောက်ထိခိုက်ပြီး အခြား လူ ၆ ဦး သေခဲ့တယ်။ ပြည်သူတွေဟာ အမုန်းကြောင့် ဖြစ်တဲ့ သွေးစွန်းမှုတွေကို ဆင်ခြင်တုံ့တရား အပြည့်နဲ့ ရင်ဆိုင်ကြတယ်။ တရားခံရဲ့ မိဘတွေက ကယ်လီဖိုးနီးယား တောင်ပိုင်း ဆန်ဒီယေဂိုးကနေ ချက်ခြင်း ကိုလိုရာဒိုကို အရောက်လာပြီး ရဲတွေ နဲ့ လာရောက်တွေ့ဆုံ စစ်ဆေးတာကို ခံယူတယ်။
စိတ်ကစဥ့်ကလျားဖြစ်ပြီး လူသတ်တဲ့ လူငယ်အကြောင်းကို ၀ိုင်းပြီး စုံစမ်း သုံးသပ်ကြတယ်။
ဘာကြောင့် သေနတ် ခဲယမ်းတွေကို အများအပြားဝယ်ယူတာကို မစုံစမ်းမိလိုက်တာလဲ မေးခွန်းထုတ်ကြတယ်။
ရုပ်ရှင်ရုံတွေက လုံခြုံရေးတွေ တိုးမြှင့်ကြတယ်။ Batman ဇာတ်ကားသစ်ကို ကြည့်ကြသူတွေကိုလည်း သတိထားဖို့ ပြောတယ်။ ဇာတ်ကားထုတ်သူတွေ၊ အဖွဲ့သားတွေကလည်း ၀မ်းနည်းကြောင်း ပြောတယ်။ သူတို့က ဖျော်ဖြေရေးအတွက် တင်ပြတာ၊ အခုလို ဖြစ်တာအတွက် ထိခိုက်ဝမ်းနည်းကြောင်း တင်ပြတယ်။ ပြည်သူတွေဟာ အဲသည်သြရိုရာမြို့နယ်က ထိခိုက်သူတွေဆီကို မတ်ဆိတ်တွေ ပို့တယ်။ ၀မ်နည်းကြောင်း ၀က်ဆိုက်တွေ အင်တာနက်တွေမှာ တင်ကြတယ်။ တဦးကို တဦး သည်လို အကျည်းတန်တဲ့ဖြစ်ရပ်ကနေ အပြန်အလှန် အပြစ်တင်တာ၊ တုန့်ပြန်ကြတာတွေကို အတတ်နိုင်ဆုံး ရှောင်ကြတယ်။
အထူးသဖြင့်ကတော့ သတင်းသမားတွေဟာ အယင်ကဆိုရင် အဆိုးမြင်တဲ့ လူထုစိတ်ကို နှိုးဆွတဲ့ သတင်းထုတ်ပြန် ပြောဆိုချက်တွေနဲ့ စွဲဆောင် လှုံဆော် ပြောဆိုတာတွေ မလုပ်ဘဲ သည်အတွက် အထူးသတိထားပြီး ထုတ်ပြန်တယ်။ ညဖက်မှာ တိုက်ရိုက်လွှင့်တဲ့ အခြားဖျော်ဖြေရေးသမားတွေ၊ လူရွှင်တော် ကွက်စိတ်သမားတွေကိုယ်တိုင်က ၀မ်းနည်းကြောင်း သူတို့ရိုက်ကူးထားတဲ့ အကွက်တွေထဲက အခု  Batman အကြောင်း ပျက်ထားတာတွေ ဟာသလုပ်ထားတာတွေကို ရုတ်သိမ်းလိုက်ကြောင်း၊ ဖြတ်တောက်ပြီးမှ ပြန်လည် ပြင်ဆင် ထုတ်လွှင့်ကြောင်း ထုတ်ပြောတယ်။
အဲသည်မတိုင်ခင် Batman ကားသစ်ဟာ အကြမ်းဖက်တယ်၊ အဆိုးမြင်တယ်။ Dark story ဖြစ်လွန်းတယ်၊ နိုင်ငံရေးတွေပါတယ်။ ဘာညာနဲ့ ဝေဖန်တာတွေ၊ ဟာသလုပ်တာတွေ မျိုးစုံရှိတာကို သူတို့ ရပ်ဆိုင်းလိုက်တယ်။ နောက်ထပ် အဲသလိုမျိုး အမှောင်ကျတဲ့ ဇာတ်ကားတခုကို ကြော်ငြာနေတာမျိုးကိုလည်း ကြော်ငြာရှင်တွေက ခေတ္တ ရပ်ဆိုင်းထားလိုက်တယ်။
ဒါတွေဟာ တိုင်းပြည်တခုနဲ့ နိုင်ငံသားတွေအားလုံးရဲ့ သွေးစွန်းတဲ့ အကြမ်းဖက်မှုတခုကို တုန့်ပြန်ကြပုံပါ။ ဒါကို သူတို့က ဖုံးကွယ်ထားခြင်း၊ ဖော့ထားခြင်း မရှိဘဲ တိုက်ရိုက်ရင်ဆိုင်တယ်။ ထိန်းသိမ်းတယ်။ အဆိုးဖက်ကနေ အပြုဖက်ကို ဖြစ်အောင် သူတို့ ရင်ဆိုင်တာကို ပြသတာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ အခြား အယူအဆရေးရာအရ အငြင်းပွားမယ်၊ ပြောဆို ပုတ်ခတ်ကြမယ်၊ ဘယ်လိုပဲ ရှိရှိ တိုင်းပြည်နစ်နာတဲ့ ကိစ္စမှာ အားလုံးဟာ ဘက်တဘက်တည်းက ရှိတယ်ဆိုတာကို သည်နေရာမှာ သင်ခန်းစာယူပြီး တွေးမိတယ်။ မြင်မိတယ်။
ဒါနဲ့ ဆက်စပ်ပြီး တွေးမိတာက မြန်မာပြည်မှာ တိုင်းရင်းသားတွေမှာ ငြိမ်းချမ်းရေး မရှိဘူး။ လူတွေ သေနေတယ်။ ရခိုင်မှာ အစွန်းရောက်အကြမ်းဖက်သူတွေကြောင့် ဒေသခံပြည်သူတွေမှာ ခိုကိုးရာမဲ့ ဖြစ်နေတယ်။ လူတန်းစား ပေါင်းစုံဟာ အထွေထွေ အကြပ်အတည်း မျိုးစုံ ရင်ဆိုင်နေရတယ်။ တိုင်းပြည်နဲ့ လူမျိုး မျက်နှာကိုသာ ကြည့်ကြမယ်ဆိုရင် ခေါင်းဆောင်တွေက စပြီး ပြည်သူတရပ်လုံးဟာ တဖက်တည်းက ရပ်တည်ပြီး အပြုသဘောနဲ့  ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်ကြမယ် ထင်ပါတယ်။ ဒါကို မသိချင်ယောင်ဆောင်ပြီး ကိုယ်နဲ့ မဆိုင်သလို ဟန်မပျက်နေပြနေကြရင် အမုန်းကြောင့်၊ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် ပြစ်မှုကျူးလွန်နေသူတွေကို အမျိုးသားရေး အတိုင်းအတာနဲ့ တားမြစ်နိုင်မယ် မဟုတ်ဘူးလို့ တွေးမိတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )