ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇောက သျှမ်းပြည်တပ်မတော် SSPP/SSA အား လှုပ်ရှားနေသည့် နယ်မြေအတွင်းမှ မဆုတ်ခွါပါက ၅ ရက်အတွင်း နယ်မြေရှင်းလင်းရေး လုပ်မည်ဖြစ်ကြောင်း ဂျူလိုင်လ ၂၁ ရက်က ပြောဆိုခဲ့ပြီးနောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုမရှိသော်လည်း ဝမ့်ဟိုင်းဌာနချုပ်တဝိုက် မြန်မာတပ်ရင်း ၉ ရင်းထက်မနည်းဝိုင်းရံနေဆဲဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်နှင့်နီးစပ်သူများကပြောသည်။
“ မိုင်းရှူး-တန့်ယန်းမှာဆိုရင် ၅ တပ်ရင်း ချထားပြီးတော့ ကျေးသီး နဲ့ သီပေါ မြို့နယ် ဘက်မှာ ၄ တပ်ရင်း ချထားတယ်။ ဒီကြားထဲ တိုက်ပွဲတော့ မကြားမိဘူး။ ငြိမ်နေတယ်။ ကျနော်တို့ ဌာနချုပ်မှာတော့ အရာရှိ၊ တပ်သားထုသိသင့် သိထိုက်တဲ့ ပညာပေးသင်တန်းတွေဘဲ ဆက်တိုက်လုပ်နေပါတယ်” - SSPP/SSA တပ်ဖွဲ့ဝင် အရာရှိတဦးကပြောသည်။
စကခ ၂ လက်အောက်ခံ ဗျူဟာ ၂ က မိုင်းရှူး၌ အခြေချကာ ခမရ ၅၁၆ (နမ့်စန်)၊ ၅၁၇ (မိုင်းပွန်) အပြင် ရမခတိုင်းမှ ခမရ ၃၂၂ (လောက်ကိုင်)၊ ခလရ ၁၂၇ (ကွန်လုံ)နှင့် ခမရ ၃၂၆ (တန့်ယန်း) ၃ တပ်ရင်းအား SSPP ၏ ၇ မိုင်တပ်စခန်း တဝိုက် ချထားကြောင်း အဆိုပါအရာရှိကပြောသည်။
အလားတူ ကျေးသီး-သီပေါလမ်း၌လည်း ခလရ ၂၂ (တန့်ယန်း) ခမရ ၅၁၃ (ပင်လုံ) ၂၄၇ (နမ့်ဇန်) ၁၃၁ (ကျေးသီး) တို့ လှုပ်ရှားနေသည်ကိုတွေ့ရကြောင်း ဆိုပါသည်။
“ ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးဖို့ ဦးသိန်းဇော်လည်း မဆက်သွယ်လာဘူး။ တိုက်ပွဲတွေလဲ မရှိပါဘူး။ ” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလကပြောသည်။
အပစ်ရပ်ရေးဆွေးနွေးပြီးသည့်နောက်ပိုင်း ယနေ့အထိ သျှမ်းပြည်တပ်မတော် RCSS/ SSA နှင့် အကြိမ် ၃၀၊ SSPP/SSA တပ်ဖွဲ့နှင့် ၂၃ ကြိမ်ထက်မနည်း မြန်မာအစိုးရစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

6:27 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com