ဆူဇူးကီးဖလား ၂၀၁၂ ခြေစစ်ပွဲဝင်ရန် ပြင်ဆင်မှု တစ်ရပ်အနေဖြင့် သြဂုတ်လ ၁၅ရက်နေ့တွင် ကစားမည့် ခြေစမ်းပွဲ အတွက် မြန်မာ့လက်ရွေးစင် (၂၈)ဦး အမည်စာရင်းအား ထုတ်ပြန်ကြေညာခဲ့ရာ ရန်ပိုင်၊ ရာဇာဝင်းသိန်း၊ မိုးဝင်း၊ ခင်မောင်လွင် အစရှိသည့် အတွေ့အကြုံရှိ ကစားသမားများ ရွေးချယ် ခံခဲ့ရကြောင်း သိရသည်။
ထိုအသင်းတွင် အာရှ ယူ-၂၂ ခြေစစ်ပွဲအောင် အသင်းမှ ကစားသမား (၁၄)ဦး ပြန်လည် ပါဝင်လာခဲ့သည်ကို တွေ့ရပြီး အကောင်းဆုံး ခြေစွမ်း ရရှိနေသည့် ရန်အောင်ကျော်၊ ဒေးဗစ်ထန်း၊ အောင်သိုက်၊ ပိုင်စိုး အစရှိသည့် ကစားသမား များလည်း ပါဝင်လာခဲ့ကြောင်း တွေ့ရသည်။ ထို့အတူ လက်ရွေးစင် အသင်းတွင် တစ်ကြိမ် တစ်ခါမျှ အရွေးခံရခြင်း မရှိသေးသည့် ဟံသာဝတီ နောက်ခံလူ အောင်ဇော်၊ မနောမြေ ဂိုးသမား ထွန်းလင်းစိုး တို့လည်း ပါဝင်လာခဲ့သည်။
ဂိုးသမား နေရာတွင် ဒဏ်ရာ ရနေသည့် ကျော်ဇင်ထက်နှင့် ပြည့်ဖြိုးအောင်တို့ ပါဝင်လာခဲ့ခြင်း မရှိဘဲ မြန်မာ့ နံပါတ်တစ် ဂိုးသမား သီဟစည်သူနှင့် အတူ ကျော်ဇင်ဖြိုး၊ မျိုးမင်းလတ်နှင့် မနောမြေ ဂိုးသမား ထွန်းလင်းစိုးတို့ ပါဝင်လာခဲ့သည်။ ထွန်းလင်းစိုးသည် ဘောလုံး ကစားရာမှ ကျောက်ကပ် ထိခိုက်မိခဲ့၍ ၄လကြာခန့် အနားယူခဲ့ရသည့် ကစားသမား ဖြစ်ကာ ယမန်နေ့က ဇွဲကပင် ယူနိုက်တက်နှင့် ပွဲစဉ်တွင်မှ ပြန်လည် ကစားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အထူးလက်စွမ်းပြ ကစားခဲ့သည့် ထွန်းလင်းစိုးအား ပတ်ဆောင်ဟွာက နှစ်သက် သဘောကျကာ ယခုကဲ့သို့ ပဏာမ လူစာရင်းတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ဒဏ်ရာ ရနေသည့် ယူ-၂၂ အဓိက တိုက်စစ်မှူး ကျော်ကိုကို ပါဝင်လာခဲ့ခြင်း မရှိဘဲ ၎င်း၏ ကြံ့ခိုင်မှု အနေအထားအား ဆက်လက် စောင့်ကြည့်ဦးမည် ဖြစ်ကြောင်း သိရသည်။ ထို့အတူ မိုင်းအိုက်နိုင်၊ စိုးမင်းဦး အစရှိသည့် တိုက်စစ်မှူးများ လက်ရွေးစင် အသင်းတွင် ပါဝင်လာခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။
မြန်မာ့ လက်ရွေးစင် ပဏာမ လူစာရင်း
ဂိုး - သီဟစည်သူ၊ ထွန်းလင်းစိုး၊ ကျော်ဇင်ဖြိုး၊ မျိုးမင်းလတ်
နောက် - အောင်သိုက်၊ မိုးဝင်း၊ အောင်ဇော်၊ ဇော်မင်းထွန်း၊ အောင်ဟိန်းကျော်၊ ရန်အောင်ဝင်း၊ သက်နိုင်၊ ပြည့်ဖြိုးအောင်၊ သိန်းသန်းဝင်း
လယ် - ရဲဇော်ထက်အောင်၊ ခင်မောင်လွင်၊ ရန်အောင်ကျော်၊ နိုင်လင်းဦး၊ အောင်ချမ်းမိုး၊ ဒေးဗစ်ထန်း၊ ကြည်လင်း၊ ပိုင်စိုး၊ နန္ဒလင်းကျော်ချစ်၊ မျိုးဇော်ဦး
ရှေ့ - ကျော်ဇေယျာဝင်း၊ ရာဇာဝင်းသိန်း၊ ရန်ပိုင်၊ စိုးမြတ်သူ၊ ကောင်းစည်သူ
11:38 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com