ဘရာဇီးလ် လူမျိုး တိုက်စစ်မှူး ဆီဇာက ၎င်း၏ ကလပ်အသင်း ရန်ကုန် ယူနိုက်တက် အသင်းနှင့် အတူ လိဂ်ချန်ပီယံ ဆုဖလား ကိုင်မြှောက်ရန် အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ကလပ်အသင်းပိုင် ၀က်ဘ်ဆိုက်မှ တစ်ဆင့် ဖွင့်ဟ ပြောကြားခဲ့သည်။
ရန်ကုန်အတွက် ပွဲပေါင်း ၁၂ပွဲတွင် ၁၄ဂိုးအထိ သွင်းယူပေးခဲ့သူ ဆီဇာက ပြီးခဲ့သည့် သြဂုတ်လ အတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ခြင်းနှင့် ပတ်သက်၍ ၀မ်းမြောက်ကြောင်း ဖွင့်ဟခဲ့ကာ ချန်ပီယံ ဆုဖလားကိုပါ ကိုင်မြှောက်ရန် အသင့် ဖြစ်နေပြီ ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။ "၀မ်းသာပါတယ်။ ချန်ပီယံ ဖြစ်ဖို့ အတွက် ကြိုးစားသွား မှာပါ။ ရန်ကုန် ယူနိုက်တက်နဲ့ အတူ ချန်ပီယံ ဆုဖလားကို ကိုင်မြှောက်ဖို့ အသင့် ဖြစ်နေပါပြီ" ဟု ဆီဇာက ဆိုခဲ့သည်။
ဆီဇာနှင့် အတူ အသင်း၏ နည်းပြချုပ် ဖြစ်သူ အိုင်ဗင်ကိုလက်ဗ် မှာလည်း တစ်လတာ အကောင်းဆုံး နည်းပြဆုအား ရရှိခဲ့သည်။ ၎င်းကလည်း “ဒီဆုရတယ် ဆိုတာ ကျွန်တော် တစ်ယောက်တည်း ကောင်းလို့ ရတာ မဟုတ်ပါဘူး။ ကျွန်တော့ ကစားသမားတွေ၊ နည်းပြ အဖွဲ့ဝင်တွေ၊ အုပ်ချုပ်မှု အဖွဲ့က တာဝန် ရှိသူတွေနဲ့ ရန်ကုန် ယူနိုက်တက် ၀န်ထမ်း အားလုံး တာဝန်ကျေလို့ ဒီလို ချီးမြှင့်ခံ ရတာပါ။ ဂုဏ်ယူပါတယ်။ အမှတ်ပေး ပြိုင်ပွဲ နောက်ဆုံး ပွဲမှာလည်း ဧရာဝတီ ယူနိုက်တက်ကို အနိုင်ယူပြီး ဒီဆုနဲ့ ထိုက်တန်တယ် ဆိုတဲ့ အကြောင်း သက်သေပြ ဦးမှာပါ” ဟု ပြောကြားခဲ့သည်။
အိုင်ဗင်ကိုလက်ဗ်နှင့် ဆီဇာ
ဆီဇာနှင့် အိုင်ဗင်ကိုလက်ဗ် တို့သည် အဆိုပါ တစ်လတာ အကောင်းဆုံး ဆုတံဆိပ်နှင့် ဆုကြေး ငွေများအား နောက်ဆုံး ပွဲစဉ်ဖြစ်သည့် ဧရာဝတီ ယူနိုက်တက်နှင့် ပွဲစဉ်တွင် လက်ခံ ရယူမည် ဖြစ်သည်။ စက်တင်ဘာ ၈ရက်နေ့ ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ကစားမည့် အဆိုပါ ပွဲစဉ်မှာ ရန်ကုန် အသင်းအတွက် ချန်ပီယံ ဖြစ်မဖြစ် အလွန် အရေးပါလျက် ရှိသည်။
ဆက်စပ် သတင်းတစ်ရပ် အနေဖြင့် ရန်ကုန် အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီက အဆိုပါ အဆုံးအဖြတ် ပွဲစဉ်သို့ လာရောက် အားပေးကြမည့် အဝေးကွင်း ပရိသတ်များအား ရန်ကုန် အသင်း ပရိသတ်များက နွေးထွေးစွာ ဆက်ဆံ ပေးကြရန် တိုက်တွန်းခဲ့သည်။ ၎င်းက "ကျွန်တော်တို့ ဒီပွဲကို အိမ်ကွင်း အဖြစ် လက်ခံ ကျင်းပခွင့် ရပါတယ်။ သုဝဏ္ဏကွင်း အထူးတန်း ၀င်ဆန့်မှုရဲ့ ၈ ရာခိုင်နှုန်း ဖြစ်တဲ့ လက်မှတ် စောင်ရေ ၅၆၀ နဲ့ ရိုးရိုးတန်း စောင်ရေ ၁၅၀၀ ကိုသာ အဝေးကွင်း ပရိသတ်တွေကို ရောင်းချ ပေးမှာ ဖြစ်ပါတယ်။ ကျန်တဲ့ လက်မှတ်တွေ အကုန်လုံးကိုတော့ ကျွန်တော်တို့ အမာခံ ဖန်တွေက တဆင့် ရန်ကုန် ပရိသတ်တွေ လက်ထဲကို ပို့ဆောင်ပေး ပြီးပါပြီ။ ဒါကြောင့် အဲဒီနေ့မှာ လာရောက် ကြည့်ရှုကြမယ့် ရန်ကုန် ပရိသတ်တွေကို တစ်ခု တောင်းဆို လိုပါတယ်။ ရန်ကုန် အသင်း အဝေးကွင်း သွားကန်ရချိန်မှာ ကြုံခဲ့ရတဲ့ ခါးသီးတဲ့ ခံစားမှုတွေ ခံစားခဲ့ ရပါတယ်။ ပွဲမှာ လာကြည့်မယ့် ဧရာဝတီ ပရိသတ်တွေ အဲဒီလို မခံစားရအောင် အနွေးထွေးဆုံး ဆက်ဆံ ပေးကြပါ။ မိမိတို့ ကြုံခဲ့ရတဲ့၊ ခါးသီးတဲ့ အဝေးကွင်း ဒုက္ခတွေကို ကိုယ်ချင်းစာစိတ် အပြည့်ထားပြီး ရန်ကုန် ပရိသတ်ရဲ့ အကောင်းဆုံး အားပေးမှု ပုံစံကို ပြပေးကြပါလို့ တိုက်တွန်း လိုပါတယ်" ဟု ဆိုခဲ့သည်။
11:47 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com