ဟိုဆေး မော်ရင်ဟို၏ လက်အောက်တွင် ကစားရန် ဆန္ဒ ရှိနေကြောင်း မန်ချက်စတာ စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီ၏ သားဖြစ်သူက ပြောကြားလိုက်သည်။
အသက်(၁၉)နှစ်သာ ရှိသေးသည့် အီတလီ ကစားသမားလေးသည် ပေါ်တူဂီသား နည်းပြ မော်ရင်ဟိုကို လေးစား နှစ်သက်သူဖြစ်ပြီး ယခုအခါ မန်စီးတီး လူငယ်အသင်းကို စွန့်ခွာခဲ့သည့်နောက် စပိန်ချန်ပီယံ အသင်းသို့ ချိတ်ဆက်ရန် မျှော်လင့်နေသည်။ အန်ဒရီရာသည် လက်ရှိတွင် စပိန် ဒုတိယတန်းကလပ် ဗယ်လာဒိုလစ်နှင့် စာချုပ်ခဲ့သော်လည်း မော်ရင်ဟို လက်အောက်တွင် ကစားနိုင်ရေးကို စိတ်ကူးနေမိကြောင်း ဖွင့်ဟခဲ့သည်။ "တစ်နေ့နေ့တော့ ကျွန်တော် မော်ရင်ဟို အတွက် ကစား ပေးချင်ပါတယ်" ဟု အန်ဒရီရာက ဆိုသည်။
၎င်းက မန်စီးတီးမှ အီတလီ လက်ရွေးစင် တိုက်စစ်မှူး မာရီယို ဘာလော့တယ်လီသည်လည်း မော်ရင်ဟိုကို ချီးကျူးခဲ့ကြောင်း ပြောကြားသွားသည်။ "ဘာလော့တယ်လီက ကျွန်တော့်ကို ပြောပြပါတယ်။ မော်ရင်ဟိုဟာ သိပ်ကို ထူးချွန်တဲ့ နည်းပြ တစ်ယောက်၊ လူတော်တစ်ယောက် ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုပေါ့။ သူဟာ ကစားသမားတွေနဲ့ ဘယ်လို ဆက်ဆံရတယ် ဆိုတာကို ပါးပါးနပ်နပ် သိတဲ့ သူပါလို့ ဘာလော့တယ်လီက ထောက်ခံခဲ့ပါတယ်" ဟုလည်း အန်ဒရီရာက ဖွင့်ဟခဲ့သည်။
မန်စီနီဆိုတဲ့ မျိုးရိုးနာမည် အောက်မှာ ကျွန်တော့် အနေနဲ့ ဘောလုံးသမား ဘဝကို ဖြတ်သန်းဖို့ မလွယ်နိုင်ပါဘူး...
၎င်းက ကစားသမား ဘဝတွင် ပွဲ(၇၀၀)ကျော် ကစားပြီး ဂိုးပေါင်း (၂၀၀)ကျော် သွင်းနိုင်ခဲ့သည့် ဖခင်ဖြစ်သူ၏ လောင်းရိပ်အောက်မှ လွတ်မြောက်ရေးသည် ခက်ခဲကြောင်းလည်း ဝန်ခံသွားသည်။ "မန်စီနီ ဆိုတဲ့ မျိုးရိုးနာမည် အောက်မှာ ကျွန်တော့် အနေနဲ့ ဘောလုံးသမား ဘဝကို ဖြတ်သန်းဖို့ မလွယ်နိုင်ပါဘူး။ ဒါပေမဲ့ အဖေက ရောဘတ်တို၊ ကျွန်တော်က အန်ဒရီရာပါ။ ကျွန်တော့် ကစားသမား ဘဝကို ကျွန်တော့် ကိုယ်ပိုင် ဆန္ဒနဲ့ အစပြုခဲ့ပြီးပါပြီ။ ကျွန်တော့် စိတ်အတိုင်း အဆုံးသတ်ပါ့မယ်" ဟု ၎င်းက ဆက်လက် ပြောကြားသွားသည်။
Ref: Goal
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com